လွှတ်တော်အတွင်း ဆောင်ရွက်ချက်များကို  မီဒီယာကဏ္ဍမှတစ်ဆင့် ပြည်သူများသိရှိအောင် ကြိုးပမ်းဆောင်ရွက်

 




နေပြည်တော် ဧပြီ ၁၉


ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်အုန်းသည် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးအောင်ဇေယျနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံသည်။


ဦးစွာ“နိုင်ငံရေး အခင်းအကျင်း အသစ်နှင့် ထွန်းလင်းတောက်ပလာမည့် မြန်မာ့အနာဂတ်” Video Clip ဖွင့်လှစ်ပြသမှုအား အတူတကွ ကြည့်ရှုအားပေးကြသည်။


ထို့နောက်  ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း က အဖွင့်အမှာစကား ပြောကြား ရာတွင် ယနေ့အချိန်အခါသည် နိုင်ငံကို တည်ငြိမ်အေးချမ်းမှုနှင့် အတူ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ် တစ်ရပ်အဖြစ် ပေါ်ထွန်းလာစေရန် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြရမည့် အချိန်ဖြစ်ပါကြောင်း၊ မြန်မာ့နိုင်ငံရေး အခင်းအကျင်းအသစ်နှင့် အတူ နိုင်ငံတော်အစိုးရ၊ လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် နိုင်ငံသူနိုင်ငံသား၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်၊ တက်ညီလက်ညီ၊ ဝိုင်းဝန်းလိုက်ပါမှုဖြင့် ကြိုးပမ်း တည်ဆောက်ကြရန် နှိုးဆော်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ အခမ်းအနား တက်ရောက်လာကြသူများ၏ မေးမြန်းဆွေးနွေးမှုများအပေါ် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းပြောကြားကြပြီး ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ က လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

  

ယင်းနောက်  မန္တလေးမြေငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မြို့နယ် ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး အသစ်ပြန်လည် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်းဆိုင်ရာများ ရှင်းလင်းတင်ပြကြပြီး ပြည်သူ့လွှတ်​တော် ဒုတိယဥက္ကဋ္ဌ က  လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းမီ အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားကာ တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လှည့်လည် ကြည့်ရှုသည်။


အဆိုပါ တပ်ကုန်းမြို့ ဗုဒ္ဓသာသနာပြု ဗိမာန်တော်ကြီးမှာ ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပြိုကျ ပျက်စီးခဲ့ရာမှ ယခုအခါ လှူဒါန်းရရှိငွေဖြင့် နှစ်ထပ်သံကူကွန်ကရစ် အဆောက်အအုံ၊ ဓာတ်လှေကား တစ်စင်း အပါအဝင်ဖြင့် တည်ဆောက်ရေးကာလ (၂)နှစ် သတ်မှတ်၍ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က ပန္နက်တင်ပြီး စတင် ဆောက်လုပ်နေခြင်းဖြစ်သည်။


မွန်းလွဲပိုင်းတွင် ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းသည် ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးထိန်လင်းနှင့်အတူ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Auditorium ခန်းမ၌ ဝန်ထမ်းများ နှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း က အမှာစကားပြောကြားရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်နှင့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ (၅)နှစ်တာ ကာလအတွင်း အခက်အခဲများ အကြားမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်မှုများအား ဝန်ထမ်းများ သိရှိနားလည် သဘောပေါက်ပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊  လွှတ်တော်အတွင်းမှ ဆောင်ရွက်ချက်များကို   မီဒီယာ ကဏ္ဍမှတစ်ဆင့် ပြည်သူများ သိရှိအောင် ကြိုးပမ်းဆောင်ရွက်ပေး ကြစေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံရေးအခင်းအကျင်း အသစ်နှင့်အတူ  စိတ်သစ်လူသစ် ခွန်အားသစ်များဖြင့် နိုင်ငံတာဝန်များကို ကျေပွန်စွာထမ်းဆောင် နိုင်ပါစေကြောင်း ပြောကြားသည်။


ဆက်လက်ပြီး  ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် အရောင်အသွေးစုံလင်သည့် ပန်းဥယျာဉ်ကြီး တစ်ခုကဲ့သို့ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုစည်းတာဝန်ထမ်းဆောင်နေသည့် ဌာနကြီးတစ်ခုဖြစ်ပါ ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများပီပီ နိုင်ငံတော်အပေါ် သစ္စာစောင့်သိ ကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့၏ နား၊ မျက်စိသဖွယ် အစိုးရ၏ ဆောင်ရွက်ချက်များ အပေါ် ပြည်သူများ သိရှိနားလည်ပြီး ပူးပေါင်းပါဝင် ဆောင်ရွက်လာအောင် မီဒီယာကဏ္ဍမှတစ်ဆင့် ကြိုးပမ်းဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မိသားစု စိတ်ဓာတ်ဖြင့် ဝိုင်းဝန်း၍ ပူးပေါင်း ဖြေရှင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။


ယင်းနောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီးတို့က ဝန်ထမ်းများအတွက် ငွေသားကံစမ်းမဲများဖောက်၍ မဲပေါက်သည့် ဝန်ထမ်းများအား လက်ရောက်ပေးအပ်ခဲ့​ကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.