ဟော်မုဇ်ရေလက်ကြား၏လုံခြုံရေးကို ထိခိုက်အောင်ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့ကုန်သွယ်ရေးကို အကျိုးသက်ရောက်မှုများရှိလာမည်ဟု အီရန်သမ္မတပြောကြား
တီဟီရန် ဧပြီ ၁၅
ဟော်မုဇ်ရေလက်ကြား၏လုံခြုံရေးကို
ထိခိုက်အောင် ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့ကုန်သွယ်ရေးကို အကျိုးသက်ရောက်မှုများ
ရှိလာမည်ဖြစ်ကြောင်း အီရန်သမ္မတ မာဆော့ ပါဇက်ကီရှန်က ပြင်သစ် သမ္မတမက်ခရွန်နှင့်
ဖုန်းဖြင့်ဆွေးနွေးရာတွင် ပြောကြားသည်။ အီရန်ဆိပ်ကမ်းများမှ ၎င်း ရေလက်ကြားသို့
ဖြတ်သန်းသွားလာမည့် သင်္ဘောများအား သွားလာခွင့်ပိတ်ပင်ကြောင်း အမေရိကန် သမ္မတထရမ့်က
မကြာမီကပြောကြားခဲ့ပြီးနောက် အီရန်သမ္မတက ယခုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။ အီရန်အနေဖြင့်
မဟာဗျူဟာကျသည့် ရေလမ်းကြောင်းဖြစ်သည့် ၎င်းရေလက်ကြားမှ သင်္ဘောများ လုံခြုံစွာဖြတ်သန်းသွားလာရေးကို
ဆောင်ရွက်နေပြီး ၎င်း ရေလက်ကြားအား ဟန့်တားမည့် ဆောင်ရွက်ချက်သည်
ကမ္ဘာ့ကုန်သွယ်ရေးအတွက် အကျိုး သက်ရောက်မှုများ ရှိလာမည်ဖြစ်ကြောင်း ၎င်းက
ပြောကြားသည်။
အီရန်သည် မိမိ၏အမျိုးသားအကျိုးစီးပွားအတွက်
မည်သည့်အခြေအနေကိုမဆို ရင်ဆိုင်ရန် အသင့် ရှိနေကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
မကြာသေးမီက
ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအရ အီရန်သည် ငြိမ်းချမ်းရေးရယူရန်
ဆန္ဒရှိကြောင်း သိရှိနိုင်သည်ဟု ၎င်းကပြောကြားခဲ့သည်။
အမေရိကန်တာဝန်ရှိသူအချို့၏
များပြားသည့် တောင်းဆိုချက်များနှင့် ငြိမ်းချမ်းရေးရယူရန်
နှောင့်နှေးခြင်းကြောင့် အပြီးသတ်ငြိမ်းချမ်းရေး ရယူရန် ကြန့်ကြာနေသည်ဟု
၎င်းကပြောကြားသည်။ အီရန်အနေဖြင့် မိမိနိုင်ငံသားများ၏ အကျိုးစီးပွားကို
မထိခိုက်စေဘဲ နိုင်ငံတကာဥပဒေများအတိုင်း လိုက်နာဆောင်ရွက်ပြီး
ငြိမ်းချမ်းရေးရယူလိုကြောင်းနှင့် အမေရိကန်အား ငြိမ်းချမ်းရေး ရယူရေးအတွက် ဥရောပနိုင်ငံများက
အပြုသဘောဆောင် တိုက်တွန်းရန်လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။ အီရန်အနေဖြင့်
ခြိမ်းခြောက်မှုများနှင့် စစ်ရေးအရတိုက်ခိုက်ခြင်းများကို မလိုလားဘဲ
သံတမန်နည်းလမ်းဖြင့် ဆောင်ရွက်ရေးကို လိုလားကြောင်း ၎င်းကပြောကြားသည်။ အီရန်အနေဖြင့်
နျူကလီးယားအရေးနှင့် ပတ်သက်၍လည်း မကြာသေးမီက ဥရောပနိုင်ငံများနှင့် သဘော တူညီချက်များ
ရရှိခဲ့ကြောင်းနှင့် သတ်မှတ်ထားသည့် စည်းမျဉ်းများမှ သွေဖည်ဆောင်ရွက်ခြင်းကို
အီရန်နိုင်ငံက မည်သည့်အခါမျှ ပြုလုပ်မည်မဟုတ်ကြောင်း ၎င်းကပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ
No comments