ကဝမြို့နယ်၌ အပူဒဏ်ကာကွယ်ရေး ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
ကဝ ဧပြီ ၇
ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်၌ အပူဒဏ်ကာကွယ်ရေး ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာနများတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဆွေဇင်ဝင်း၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မြန်မာနိုင်ငံတစ်ဝန်းတွင် နွေရာသီအပူချိန်များ မြင့်တက်လာသဖြင့် အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်နိုင်ကြောင်း၊ အပူဒဏ်ကြောင့် အပူလွန်ရောဂါ၊ ခန္ဓာကိုယ် ရေဓာတ်ခန်းခြောက်ခြင်းနှင့် မူးဝေခြင်းတို့ဖြစ်နိုင်ကြောင်း၊ ပြည်သူများအနေဖြင့် နံနက် ၁၁ နာရီမှ မွန်းလွဲ ၃ နာရီအတွင်း နေပူထဲမထွက်ရန်၊ အပြင်ထွက်ရပါက ခေါင်းအုပ်၊ ထီး သို့မဟုတ် အကာအကွယ်အသုံးပြုရန် လိုအပ်ကြောင်း၊ အပူဒဏ်ကြောင့် မူးဝေခြင်း၊ ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်း၊ မောပန်းခြင်း စသည့် လက္ခဏာများဖြစ်ပေါ်ပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ကုသမှုခံယူရန် အရေးကြီးကြောင်း အသိပညာပေး ပြောကြားသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)

No comments