ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပဲခူးခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး

 


ပဲခူး ဧပြီ ၂၂

 

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်သည် သနပ်ပင်မြို့နယ်ရှိ မြေပဲစိုက်တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုထောက်ပံ့ပေးပြီး ဆောင်းမြေပဲထွက်ရှိချိန်တွင် ပေါက်ဈေးအတိုင်း ပြန်လည်ဝယ်ယူနေမှုကို သွားရောက်ကြည့်ရှုကာ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ သဘာဝ ရွက်ဖျန်းမြေဩဇာဖျန်းပက်ခြင်းနှင့် သစ်စိမ်းမြေဩဇာအသုံးပြု၍ မြေယာပြုပြင်ခြင်းဆောင်ရွက်မှသာ တစ်ဧကပန်းတိုင်အထွက်နှုန်းကျော်လွန် ထွက်ရှိပြီး တောင်သူများအကျိုးအမြတ်ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး၊ တိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီးမှူးတို့က စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး တန် ၁၀၀ ဆန်စက် တည်ဆောက်နေမှုကို လှည်လည်ကြည့်ရှုသည်။

 

သနပ်ပင်မြို့နယ်အတွင်း ဆောင်းမြေပဲ စိုက်ဧက ၉၆၅၂ ဧကရှိပြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ မြေပဲတစ်ဧကလျှင် ငွေကျပ်လေးသိန်းနှင့်ညီမျှသော သွင်းအားစုများ ပံ့ပိုးပေးနိုင်ခဲ့သည့်အတွက် တစ်ဧကလျှင် ပျမ်းမျှ ၇၇ ဒသမ ၅၅ တင်းထွက်ရှိ၍ ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိခဲ့သည်။

 

ပေါင်းစပ်ညှိနှိုင်း

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သနပ်ပင်မြို့ ဘူတာပိုင်းရပ်ကွက် ဦးသိန်းလွင်၏ ဥစားဘဲကောင်ရေ ၇၀၀၀ မွေးမြူထားရှိမှုနှင့်ကမာစဲ ကျေးရွာရှိ ဦးဝင်းထိုက်မောင်၏ ရေချိုငါးမွေးမြူရေးကို သွားရောက်ကြည့်ရှုအားပေးပြီး မွေးမြူရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့မွေးမြူ ဆောင်ရွက်မှသာ ဒေသတွင်းစားရေရိက္ခာဖူလုံစေမည်ဖြစ်ပြီး မွေးမြူသူနှင့် စားသုံးသူကြား၌ လက်လီအဆင့်ဆင့်မရှိစေဘဲ တိုက်ရိုက်ရောင်းချနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ရစ်ကန်လေး-ကမာစဲ ကျေးရွာချင်း ဆက်လမ်း အရှည်သုံးမိုင် ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ ကျေးရွာချင်းဆက်လမ်းများ၏ ဘေးဝဲယာတွင် အရိပ်ရပြီး စားသုံး၍ရသော သစ်ပင်များစိုက်ပျိုးရန်၊ လမ်းပခုံးသားများ အမာခံရရှိရေး ဆောင်ရွက်ပေးရန်နှင့် ကြာရှည်စွာ လမ်းအသုံးပြုနိုင်ရေး အားလုံးဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရန် မှာကြားသည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သနပ်ပင်မြို့နယ် ထောင်မင်းကျေးရွာအုပ်စုရှိ ယခင်က တစ်နှစ်တစ်သီးသာ စိုက်ပျိုးနိုင်သည့်ရေကြီး ရေနက်ကွင်းများကို ရေတော်မိုးတော် လယ်မြေအဖြစ် တစ်နှစ်အနည်းဆုံးနှစ်သီး စိုက်ပျိုးနိုင်ရေး ဆားကျင်းကြီးရိုးတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စပါးသီးနှံပြီးပါက နွေနှမ်းသီးနှံကို စမ်းသပ်စိုက်ပျိုးသရုပ်ပြသပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။

 

ထို့နောက် ဦးထွန်းလတ်က ဥစားဘဲကောင်ရေ ၂၅၀၀ အား လယ်ကွင်းအစာဖြင့် သဘာဝအတိုင်း မွေးမြူထားရှိမှု၊ ပဲခူးမြို့နယ် ကမာနတ်ကျေးရွာရှိ ဒေါ်ရီရီသင်း၏ ဥစားဘဲကောင်ရေ ၃၅၀၀ မွေးမြူ ထားရှိမှုနှင့် ပဲခူးမြို့ ဟံသာဝတီရှေးဟောင်းမြို့ရိုးအင်းဝတံခါးအနီး အပန်းဖြေဥယျာဉ်တည်ဆောက် နေမှုတို့ကို ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.