ပြည်ပမှတင်သွင်းသည့် စွမ်းအင်အပေါ် မှီခိုမှု တူကီယဲ လျှော့ချမည်
အန်ကာရာ ဧပြီ ၁၂
တူကီယဲနိုင်ငံသည်
ပြည်ပမှ တင်သွင်းနေရသည့် စွမ်းအင်အပေါ် မှီခိုနေရမှုကို လျှော့ချကာ
ကိုယ်ပိုင်စွမ်းအင် ပိုမိုထုတ်လုပ်လိုကြောင်း တူကီယဲစွမ်းအင်နှင့် သဘာဝသယံဇာတဝန်ကြီး
အယ်လ်ပါစလန် ဘိုင်ရက်တာက ဧပြီ ၁၁ ရက်တွင် ပြောသည်။
တူကီယဲနိုင်ငံသည်
ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးအပါအဝင် အသုံးပြုနေသော စွမ်းအင် အများစုကို
ပြည်ပမှတင်သွင်းနေရသည်ဟု ကေဆာရီမြို့၌ ပြုလုပ်သော စွမ်းအင်ဆိုင်ရာ အစည်းအဝေးတွင်
ဘိုင်ရက်တာက ပြောသည်။
စွမ်းအင်လိုအပ်ချက်
မြင့်မားလျက်ရှိသောကြောင့် ပြည်ပမှ တင်သွင်းမှုများအပေါ် မှီခို အားထားနေရမှုကို
လျှော့ချခြင်းမှာ အရေးကြီးကြောင်း၊ စွမ်းအင်မရှိပါက စီးပွားရေးနှင့် စက်ရုံ
အလုပ်ရုံ လုပ်ငန်းများ လည်ပတ်နိုင်မည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
တူကီယဲအစိုးရသည်
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ပြည်တွင်း စက်သုံးဆီထုတ်လုပ်မှုနှင့် နျူကလီးယား
စွမ်းအင်အပါအဝင် အရင်းအမြစ်မျိုးစုံကို ပေါင်းစပ်၍ တိုးချဲ့ သွားရန်
စီစဉ်နေကြောင်း သိရသည်။ တူကီယဲနိုင်ငံ၏ နေရောင်ခြည်စွမ်းအင်ထုတ်လုပ်မှုမှာ ၂၀၂၁
ခုနှစ်တွင် နှစ်ဆကျော် မြင့်တက်လာခဲ့ပြီး ၂၀၂၅ ခုနှစ် အစောပိုင်း တွင် ၂၁
ဂစ်ဂါဝပ်ကျော်အထိ ရောက်ရှိခဲ့သည်။
ထို့အပြင် လေအားလျှပ်စစ်
ထုတ်လုပ်မှုမှာလည်း မြင့်တက်လာကြောင်း၊ ရေအားလျှပ်စစ်မှာ တူကီယဲနိုင်ငံ၏ အကြီးဆုံးလျှပ်စစ်အရင်းအမြစ်အဖြစ်
ဆက်လက်တည်ရှိနေပြီး ၃၂ ဂစ်ဂါဝပ် အထိ ထုတ်လုပ်နိုင်စွမ်းရှိကြောင်း
တရားဝင်အချက်အလက်များအရ သိရသည်။
ဆင်ဟွာ
No comments