ညောင်ဦးမြို့နယ်၌ ငှက်ပျောစိုက်တောင်သူများ ဈေးကောင်းရကာ တွက်ခြေကိုက်လျက်ရှိ
ညောင်ဦး ဧပြီ ၁၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုရှိ
ကျေးရွာများမှ ဖီးကြမ်းငှက်ပျောစိုက်တောင်သူများ ဖီးကြမ်းငှက်ပျော ထွက်သလောက် ရောင်းချနေရခြင်းကြောင့်
ငှက်ပျောစိုက်ပျိုးသည့်တောင်သူ များပြားလာကြောင်း လက်ပံခြေပေါ်ကျေးရွာ ဖီးကြမ်းငှက်ပျောစိုက်တောင်သူ
ဦးအောင်ဌေးထံမှ သိရသည်။
အောင်မြင်ဖြစ်ထွန်း
ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုရှိ
ကျေးရွာများ၊ အုန္နဲကျောင်းအုပ်စုရှိ ကျေးရွာများသည် ဖီးကြမ်းငှက်ပျောစိုက်ပျိုးခြင်းကို
မြေအောက်ရေအသုံးပြု၍ စိုက်ပျိုးကြခြင်းနှင့် ငါ့သရောက် မြစ်ရေတင်ဖြင့်လည်းကောင်း၊ လက်ပံခြေပေါ်
မြစ်ရေတင်ဖြင့်လည်းကောင်း စိုက်ပျိုးကြကာ ဖီးကြမ်းငှက်ပျောစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းနေကြပြီး
ဖီးကြမ်းငှက်ပျောခုတ်ချိန် (ပေါ်ချိန်) တွင် ဈေးကောင်းကောင်းဖြင့် ရောင်းချနေရခြင်းကြောင့်
ငှက်ပျောစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ လက်ပံခြေပေါ် ဖီးကြမ်းငှက်ပျောစိုက်
တောင်သူများသည် ငှက်ပျောစိုက်ပျိုးခြင်းကို ဝါဆို၊ ဝါခေါင်လတို့တွင် အများဆုံးစတင်
စိုက်ပျိုးကြပြီး စိုက်ပျိုးပြီး ဆယ်လ၊ ဆယ့်တစ်လတွင် ငှက်ပျောစတင်ပေါ်ကာ ခုတ်သိမ်းရောင်းချကြကြောင်း၊
ငှက်ပျောတစ်ခိုင်လုံးဈေးသည်လည်း ငှက်ပျောဖီး အရေအတွက်အပေါ် မူတည်ကာ ဈေးသတ်မှတ်ရောင်းချကြောင်းသိရပြီး
ငှက်ပျောတစ်ဖီး ငွေကျပ်၂၀၀၀ ဖြင့်ရောင်းကြကြောင်း၊ ထွက်ရှိလာသည့် ဖီးကြမ်းငှက်ပျောမှန်သမျှ
ဈေးနှုန်းကောင်းဖြင့် ရောင်းချနေရခြင်းကြောင့် ငှက်ပျောစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း
သိရသည်။ ငှက်ပျောသီးနှံစိုက်ပျိုးခြင်းသည် ပစ်ထားလျှင်ပင် ဖြစ်ထွန်းခြင်းကြောင့် စိုက်ပျိုးသင့်သည့်
သီးနှံအမျိုးအစားဖြစ်ကြောင်း၊ ဖီးကြမ်းငှက်ပျောသီးနှံ တစ်ဧကလျှင် တစ်နှစ်အတွင်း သိန်းနှစ်ရာကျော်
ဝင်ငွေရှိပြီး လေးနှစ်အထိ တစ်ပင်ပြီးတစ်ပင် သားတက်ယူကာ ငှက်ပျောခြံအား ပြုပြင်စိုက်ပျိုးကြောင်းသိရသည်။
ငှက်ပျောပေါ်ချိန်တွင် ကားလမ်းမကြီးဘေး ချရောင်းခြင်း၊ ကျောက်ပန်းတောင်း၊ ညောင်ဦး၊
မြင်းခြံ၊ ပခုက္ကူမြို့တို့မှ ငှက်ပျောပွဲစားများက လာရောက်ဝယ်ယူကြကြောင်း၊ ပခုက္ကူမြို့သည်
လက်ပံခြေပေါ် ငှက်ပျောစိုက် တောင်သူများအတွက် အဓိကဈေးကွက်ဖြစ်ကြောင်း ငှက်ပျောစိုက်တောင်သူများထံမှ
သိရသည်။
ဒီပါလင်း
.jpg)
No comments