ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ရန်ကုန်မြို့ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးပရဝဏ်  စိမ်းလန်းစိုပြည် သာယာလှပမှုရှိစေရေး လုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 




ရန်ကုန် ဧပြီ ၁၉


ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေ ဆဋ္ဌသင်္ဂါယနာ မဟာ ပါသာဏလိုဏ်ဂူ သိမ်တော်ကြီး ပရဝဏ် စိမ်းလန်းစိုပြည်သာယာလှပမှုရှိစေရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးကြသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လိုဏ်ဂူ သိမ်တော်ကြီးပရဝဏ် စိမ်းလန်း စိုပြည် သာယာလှပမှုရှိစေရေးအတွက် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ ဝန်ထမ်းများက သစ်ပင်၊ သစ်ကိုင်း၊ ချုံနွယ်များ ရှင်းလင်းဆောင်ရွက်နေမှု၊ လျှပ်စစ်မီးတိုင်ဟောင်းများနှင့် ဆက်သွယ်ရေးကြိုးများ အသစ် လဲလှယ် ဆောင်ရွက်နေမှု၊ သာသနိကအဆောက်အအုံများ ပြန်လည်မွမ်းမံ ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသ ကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက် အဆောက်အအုံ ပြုပြင်ဆောင်ရွက်နေမှုနှင့် စက်ခန်းများဆောင်ရွက်နေမှု၊ သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန၊ ပိဋကတ် တိုက်အဝင်လမ်းတို့အား ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီက ကတ္တရာထပ်ပိုးလွှာ ခင်းကျင်းနေမှုနှင့် ဘဲဥပုံသဏ္ဌာန် ကန်​တော် သန့်ရှင်းရေးဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှု စစ်ဆေးကြသည်။


ထို့နောက် ပိဋကတ်တိုက်အတွင်း ဗုဒ္ဓယဉ်ကျေးမှုပြတိုက်၊ သုတေသန စာကြည့်တိုက်နှင့် ခန်းမများ၊ အပရဂေါယာန ကျောင်းဆောင်၊ သုံးထပ်ဆွမ်းစားဆောင်၊ ဗုဒ္ဓသာသနာ့သံဃာ ဆေးရုံ၊ သီရိမင်္ဂလာငါးကန်၊ မဟာသိမ်တော်ကြီး စသည့်နေရာများတွင် လုပ်ငန်းများဆောင်ရွက် နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများ အမြန်ဆုံး စနစ်တကျ အန္တရာယ် ကင်းစွာ ရှင်းလင်းဆောင်ရွက်ရန်၊ ဆက်သွယ်ရေး ကြိုးများကို စနစ်တကျ တပ်ဆင်ရှင်းလင်း ဆောင်ရွက်ရန်နှင့် သန့်ရှင်းသာယာ သပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။


ဇွဲထက်ကို(ပြန်/ဆက်)

No comments

Powered by Blogger.