ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး တောင်သူများထံ လယ်ယာသုံးစက်ကိရိယာများ လွှဲပြောင်းပေးအပ်ပွဲ တက်ရောက်


 

စစ်တွေ မေ ၄

 

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဝယ်ယူထောက်ပံ့သည့် လယ်ယာသုံးစက်ကိရိယာများအား တောင်သူများထံ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တောင်သူများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

 

လွှဲပြောင်းပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုထောက်ပံ့ပေးမည့် လယ်ယာသုံးစက်ကိရိယာများကို လက်ခံရရှိသည့် ကျေးရွာအုပ်စုများအနေဖြင့် ရေရှည်အသုံးပြုနိုင်ရန်အတွက် စက်ကိရိယာများကို ကြံ့ခိုင်မှုပုံမှန်ပြုလုပ်၍ ထိန်းသိမ်းကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်သူများထံ လယ်ယာသုံးစက်ကိရိယာများကို လွှဲပြောင်းပေးအပ်ပြီး စက်ကိရိယာကိုင်တွယ်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းတွင် ဆုရရှိသည့်သင်တန်းသားများအား ဂုဏ်ပြုဆုငွေများပေးအပ်ရာ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လယ်ယာသုံးစက်ကိရိယာများ ခင်းကျင်းပြသထားရှိမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)

No comments

Powered by Blogger.