ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ပြည်မြို့ သရေခေတ္တရာမြို့ဟောင်းအတွင်းရှိ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များနှင့် သရေခေတ္တရာပြတိုက်အတွင်း ခင်းကျင်းပြသထားရှိမှု ကြည့်ရှုစစ်ဆေး



နေပြည်တော် မေ ၂၂

 

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသ သရေခေတ္တရာမြို့ဟောင်း အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သော ဘောဘောကြီးစေတီတော် ပြန်လည်ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများဆောင်ရွက်နေမှု၊ ပျူခေတ်သင်္ဂြိုဟ်မြှုပ်နှံခဲ့သည့် အထောက်အထားများရှိသည့် အရိုးအိုးကုန်း (တူးဖော်မှုကုန်းအမှတ်-၅၃) နှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သောလေးမျက်နှာဂူဘုရား ပြန်လည်ပြုပြင် ထိန်းသိမ်းထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ရှေးဟောင်းသုတေသနနည်းပညာသင်တန်းကျောင်း (ပြည်)၌ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ယဉ်ကျေးမှုအမွေအနှစ်များကို ရှာဖွေ၊ ဖော်ထုတ်၊ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပတ်သက်၍ ပိုမိုကျယ်ပြန့်စွာသိရှိနိုင်စေရန်၊ ပြည်သူလူထုအား အသိပညာပေးဟောပြောခြင်းနှင့် စာသင်ကျောင်းများတွင် အသိပညာပေး Educated ပြုလုပ်၍ အသိပညာဗဟုသုတများ တိုးတက်အောင် ဆောင်ရွက်စေလိုကြောင်းမှာကြားကာ ရှေးဟောင်းပစ္စည်းများအား သိပ္ပံနည်းကျ သက်တမ်းတွက်ချက်သည့် Thermoluminescence Dating ဓာတ်ခွဲခန်းကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ပြည်မြို့ အလင်္ကာဟိုတယ်၌ ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ သရေခေတ္တရာဇုန်မှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ပြည်ဒေသသည် ပြည်ပခရီးသွားဧည့်သည်များ စိတ်ဝင်စားသည့် ဒေသတစ်ခုဖြစ်သည့်အပြင် ယဉ်ကျေးမှုကို အခြေခံသော ခရီးစဉ်ဒေသများစွာရှိသဖြင့် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် Media များတွင် ကြော်ငြာ၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားရန်နှင့် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းပူးပေါင်း၍ ဝိုင်းဝန်းကြိုးစားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.