ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံသာယာလှပရေး ကြည့်ရှုစစ်ဆေး
တောင်ကြီး မေ ၃
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည်
ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊
သက်ဆိုင်ရာ ပြည်နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ
ယနေ့နံနက် ၉ နာရီက တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံသာယာလှပရေးကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဗိုလ်ချုပ်ပန်းခြံနှင့်စပ်လျဉ်း၍
မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က
ပန်းခြံအား စဉ်ဆက်မပြတ်စိမ်းလန်းစိုပြည်ပြီး သာယာလှပနေရန်အတွက် ပန်းအလှပင်များ ထပ်မံစိုက်ပျိုးပေးရန်လိုအပ်ကြောင်း၊
သင့်တော်မည့်နေရာတွင် ရေပန်းများ ဆောင်ရွက်ထားရှိရန်လိုအပ်ကြောင်း မှာကြားပြီး ပန်းခြံအား
ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများသည် တောင်ကြီးမြို့ပေါ်ရပ်ကွက် ၂၀ ကို ရေပေးဝေရေး ဆောင်ရွက်လျက်ရှိသည့်
ရုရှားရေကန်အား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးနှင့် ပြည်နယ်စည်ပင်သာယာရေး
ညွှန်ကြားရေးမှူးတို့က ရေကန်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က
မြို့ရေပေးဝေရေးစနစ်ကို အချိန်တစ်ခုယူ၍ ကြိုးစားဆောင်ရွက်ပေးကြရန်၊ ရေမရရှိသေးသည့်
ရပ်ကွက်နေရာများကို သက်ဆိုင်ရာဌာနက
ကွင်းဆင်း ကြည့်ရှုစစ်ဆေးပေးရန် လိုအပ်ပါကြောင်း၊ မြို့ပေါ် ရေပေးဝေရေးနှင့်ပတ်သက်၍
နေ့စဉ်ပုံမှန်ရေပေးဝေနိုင်ရန် ဆောင်ရွက်ရမည့်နည်းလမ်းကို တင်ပြပေးစေလိုကြောင်း၊ လက်ရှိရေပေးဝေလျက်ရှိသည့်
မြို့ပေါ်ရပ်ကွက် ၂၀ ကိုလည်း ကွင်းဆင်းကြည့်ရှုစစ်ဆေးတင်ပြရန်နှင့် လိုအပ်သည်များကို
ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သစ်တောဦးစီးဌာနအနေဖြင့် ရုရှားရေကန်ပတ်ဝန်းကျင်တွင်
သစ်တောသစ်ပင်များကို ပြန်လည်ဖြည့်ဆည်း စိုက်ပျိုးပေးရန်နှင့် စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ပေးရန်၊
ပျိုးပင်များကို ကြိုတင်ပြုစု ပျိုးထောင်စိုက်ပျိုးပေးရန် လိုအပ်ကြောင်း မှာကြားပြီး
ရေကန်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments