ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် အမှာစကားပြောကြား



နေပြည်တော် မေ ၆

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံးတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စု ဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

 

နိုင်ငံ့စီးပွားရေးနှင့်ပတ်သက်ပြီး မိမိတို့အနေဖြင့် ယခုထက် ပိုမိုကြိုးပမ်းလုပ်ဆောင်သွားကြရန်လိုအပ်

ဦးစွာ နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ စီးပွားရေးပိုင်းဆိုင်ရာများနှင့် ပတ်သက်ပြီး “နိုင်ငံတော် ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့” ဟု ဆောင်ပုဒ်ချမှတ်ထားသည်နှင့် အညီ ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုသည် မဖြစ်မနေ ဆောင်ရွက်ရမည့်လုပ်ငန်းရပ်ဖြစ်ကြောင်း၊ ကုန်သွယ်မှုတွင် အဓိကကျသည့် ပို့ကုန်၊ သွင်းကုန်များကို လေ့လာဆန်းစစ်ချက်များအရ မိမိတို့နိုင်ငံမှ အထည်ချုပ်လုပ်ငန်းထုတ်ကုန်များ၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များအား ပြည်ပသို့တင်ပို့လျက်ရှိပြီး ပြည်ပမှ လောင်စာဆီများ၊ စားသုံးဆီများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် အခြားကုန်ပစ္စည်းများကို တင်သွင်းနေရပြီး ကုန်သွယ်မှုလိုငွေ ရှိနေဆဲဖြစ်ကြောင်း၊ သို့ဖြစ်၍နိုင်ငံ့စီးပွားရေးနှင့်ပတ်သက်ပြီး မိမိတို့အနေဖြင့် ယခုထက်ပိုမို၍ ကြိုးပမ်းလုပ်ဆောင်သွားကြရန်လိုအပ်သည်ဟု အဖြေထွက်မည်ဖြစ်ကြောင်း။

 

ခေတ်အဆက်ဆက် ကြုံတွေ့ခဲ့ရသည်များကို သင်ခန်းစာယူ၍ ကောင်းမွန်သည့် ဦးဆောင်မှုများဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်

မိမိတို့အစိုးရအဖွဲ့သည် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုမှ ၎င်းတို့၏ စိတ်သဘောဆန္ဒများအလျောက် ဆန္ဒမဲပေးရွေးချယ်ပြီး ထွက်ပေါ်လာခဲ့သည့် ပြည်သူ့ကိုယ်စားလှယ်များက ရွေးကောက်တင်မြှောက်ထားသည့် ရွေးကောက်ခံအစိုးရအဖွဲ့ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ၌ ပြည်သူများအနေဖြင့် ဆန္ဒမဲပေးရာတွင် တက်ကြွစွာဖြင့် စည်းကမ်းတကျ လာရောက်၍ မဲရုံများ၌ ဆန္ဒမဲများပေးခဲ့ကြသည်ကို တွေ့ရှိခဲ့ရကြောင်း၊ မဲပေးသူအများစုမှာ အသက် ၁၈ နှစ်နှင့် ၅၀ အကြားဖြစ်ကြကြောင်း၊ ၎င်းတို့၏ သဘောဆန္ဒအလျောက် မဲပေးခြင်းဖြစ်ကြောင်း၊ မဲပေးရာတွင် စနစ်တကျဖြင့် တန်းစီ၍မဲပေးခဲ့ကြခြင်းကို တွေ့ခဲ့ရခြင်းသည် ပြည်သူများအနေဖြင့် ရွေးကောက်ပွဲကို ထောက်ခံအားပေးမှုကိုပြသခြင်း၊ နိုင်ငံတော်အစိုးရ၏ နိုင်ငံရေးအရဆောင်ရွက်ချက် များကို ထောက်ခံမှုပြသခြင်းပင်ဖြစ်ကြောင်း။

 

ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲသည် မဲမသမာမှုနှင့် မဲစာရင်းမှားယွင်းမှုမရှိဘဲ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်ပြီး အောင်မြင်သည့် ရွေးကောက်ပွဲ တစ်ရပ်အဖြစ် ကျင်းပနိုင်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ ဒသမ ၂၃ သန်းရှိသည့်အနက် ဆန္ဒမဲပေးသူ ၁၃ ဒသမ ၁၃ သန်းကျော်ရှိခဲ့သဖြင့် ဆန္ဒမဲပေးမှုရာခိုင်နှုန်းမှာ ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ လူငယ်ပိုင်းနှင့် လူလတ်ပိုင်းများ အများစုဖြစ်ကြကြောင်း၊ ရွေးကောက်ပွဲတွင် ပါတီပေါင်း ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်မှာ ၆ ပါတီရှိခဲ့ကြောင်း၊ ၃၁ ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၁ ဦး ရွေးကောက်ခံခဲ့ရကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ခဲ့ခြင်းသည် ဒီမိုကရေစီစနစ်နှင့်အညီ အားလုံးပါဝင်သည့် ရွေးကောက်ပွဲကို ကျင်း ပနိုင်ခဲ့ခြင်းပင်ဖြစ်ကြောင်း။

 

နိုင်ငံတော်တွင် ကြုံတွေ့ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းဆိုင်ရာများ၊ ခေတ်စနစ် အတွေ့အကြုံများ အပေါ်တွင် သင်ခန်းစာယူ၍ မိမိတို့အစိုးရအနေဖြင့် ကောင်းမွန်သည့် ဦးဆောင်မှုများဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးလည်မသုန်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြည်သူများက ရွေးချယ်ထားသည့် အစိုးရဖြစ်သဖြင့် မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားတိုးတက်စေရေး ဆောင်ရွက်ပေးရန် လိုကြောင်း၊ အချို့သောနိုင်ငံများအနေဖြင့် ပြည်သူများကရွေးချယ်ထားသည့် ဒီမိုကရေစီ နည်းလမ်းနှင့် အညီ တာဝန်ထမ်းဆောင်နေသည့် မိမိတို့အစိုးရအပေါ်၌ကန့်သတ်မှုများ၊ စီးပွားရေးပိတ်ဆို့မှုများကို ဖိအားပေး လုပ်ဆောင်နေကြဆဲဖြစ်ကြောင်း၊ ဒီမိုကရေစီနည်းလမ်းတကျ မိမိဆန္ဒဖြင့် လာရောက် မဲပေးကြသူများကိုဒီမိုကရေစီနိုင်ငံများက တန်ဖိုးထားရန်လိုပါကြောင်း၊ မည်ကဲ့သို့ပင်ဖြစ်စေ မိမိတို့ အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာဖြစ်စေရေး ဆက်လက်ဆောင်ရွက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ဆက်လက်အကောင်အထည်ဖော် တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်နှင့် လျော်ညီသည့် ပြောင်းလဲမှုများကိုလည်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်း။

 

ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် ခေတ်စနစ်နှင့်လျော်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ မိမိတို့၏ အမျိုးသားရေး စရိုက်လက္ခဏာများကိုလည်း မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ အမျိုး၊ ဘာသာသာသနာ၊ ထုံးတမ်းစဉ်လာများ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်သွားရန် တာဝန်ရှိကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ အနေဖြင့်လည်း အားနည်းချက် ရှိသည်များကို ပြင်ဆင်၍ ထိန်းသိမ်းစောင့်ရှောက်သွားရန် လိုအပ်သည်များကို ထိန်းသိမ်းသွားကြရန်လိုကြောင်း။

 

သွင်းကုန်အစားထိုးထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် ပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရေး

သွင်းကုန်ကဏ္ဍတွင် စားသုံးဆီနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ပမာဏများစွာ တင်သွင်းနေရဆဲ ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဆီထွက်သီးနှံများ စိုက်ပျိုးသည့် နိုင်ငံတစ်ခုဖြစ်သဖြင့် စားသုံးဆီများကို ပြည်ပမှ တင်သွင်းနေရခြင်းမှာ မဖြစ်သင့်ကြောင်း၊ နှမ်း၊ နေကြာ၊ ပဲပုပ် စသည့်ဆီထွက်သီးနှံနှင့် ပတ်သက်၍ စိုက်ပျိုးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးက စနစ်တကျဖြင့် ဆောင်ရွက်ကြစေလိုကြောင်း၊ ပို့ကုန်ကဏ္ဍတွင် ဆန်တင်ပို့မှုနှင့်ပတ်သက်၍ မိမိတို့ နိုင်ငံတွင်ရှိသည့် လူဦးရေ၊ စားသုံးနိုင်မည့်ပမာဏနှင့် ဆန်ထွက်ရှိမှုတို့ကို တွက်ချက်၍ ပိုလျှံသည့်ဆန် တင်ပို့မှု ပမာဏများကို တွက်ချက်ရနိုင်ကြောင်း၊ ပိုလျှံသည့် ဆန်ရရှိမှုနှင့် ဈေးကွက်ရရှိမှုအပေါ်မူတည်၍ ပို့ကုန်များ ပိုမိုထုတ်လုပ်တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ “ဈေးနှုန်းချင်းတူပါကပစ္စည်းပိုကောင်းရမည်၊ ပစ္စည်းချင်းတူပါက ဈေးနှုန်းသက်သာရမည်” ဖြစ်ပြီး ထိုသို့ဆောင်ရွက်သွားမည်ဆိုပါက ဈေးကွက်ပိုမို ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံမှထွက်ရှိသည့် ပေါ်ဆန်းမွှေးဆန်သည် နိုင်ငံတကာ ဈေးကွက်တွင် နာမည်ရပြီးဖြစ်ပြီး ဈေးကွက်လိုအပ်ချက်ရှိသည့် ပို့ကုန်တစ်ခုဖြစ်သည့်အတွက် မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းရမည်ဖြစ်ကြောင်း၊ အလားတူ မြန်မာနိုင်ငံမှထွက်ရှိသည့် ကော်ဖီ သီးနှံသည်လည်း ဝယ်လိုအားရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ဈေးကွက်လိုအပ်ချက်ရှိပြီး ဝယ်လိုအား ရှိသည့် မြန်မာ့ပေါ်ဆန်းနှင့် မြန်မာ့ကော်ဖီတို့ကို အရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်ရေးနှင့် ဈေးကွက် လိုအပ်ချက်အတိုင်း ပြည့်မီအောင်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ထို့ပြင် မီးဖိုချောင်သုံးသီးနှံများဖြစ်သည့် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူးစသည့် ရာသီသီးနှံများသည် နေ့စဉ်မပါမဖြစ် အသုံးပြုနေရသဖြင့် တိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်ရေး စဉ်ဆက်မပြတ် သုတေသနပြု ဆောင်ရွက်သွားရန်လိုကြောင်း၊ ပို့ကုန်များတိုးမြှင့်နိုင်ရေးအတွက် မိမိတို့ အနေဖြင့် ထုတ်ကုန်တိုးမြင့်လာစေရေး၊ အရည်အသွေးကောင်းမွန်စေရေး၊ ဈေးကွက် ရရှိရေးတို့နှင့် ပတ်သက်၍ စဉ်ဆက်မပြတ် သုတေသနပြု ဆောင်ရွက်သွားကြရန် လိုကြောင်း။

 

အသား၊ ငါးများ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့် ပတ်သက်၍လည်း ဒေသတွင်းစားသုံးမှုဖူလုံမှုမှ တစ်ဆင့် နိုင်ငံတစ်ဝန်းလုံး ဖူလုံရေးကို ဖော်ဆောင်ပေးနိုင်မည်ဆိုပါက အသား၊ ငါးများ၏ ကုန်ဈေးနှုန်း များသည်လည်း ကျဆင်းလာနိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်းမှထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များ ဖြစ်သည့် ပြောင်း၊ ဆန်ကွဲ၊ ဖွဲ တို့ကိုအခြေခံသည့် တိရစ္ဆာန်အစာများကို ပိုမိုတိုးမြှင့်ထုတ်လုပ်၍ မွေးမြူရေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားမည်ဆိုပါက ဒေသတွင်းစားသုံးမှုကို ဖူလုံစေမည် ဖြစ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်ခြင်းများကိုလည်း လျှော့ချနိုင်စေမည်ဖြစ်ကြောင်း။

 

ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းနှင့် MSME လုပ်ငန်းများကို အထူးအလေးထား အားပေးမြှင့်တင်၍ စီးပွားရေး တိုးတက်အောင်ဆောင်ရွက်

စီးပွားရေးနှင့်ပတ်သက်၍ ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းများတိုးတက်လာစေရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများ အချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန်လိုသကဲ့သို့ ဒေသအလိုက် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများကလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဒေသတွင်း သာယာလှပမှုနှင့် နှစ်လိုဖွယ်ရှိသည့် ဝန်ဆောင်မှုများကို ဖော်ဆောင်ပေးနိုင်မည်ဆိုပါက ခရီးသွား ဝင်ရောက်မှုများလည်း တိုးတက်လာစေမည်ဖြစ်ကာ ဒေသ၏ လူမှုစီးပွားဘဝများသည်လည်း တိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ ခရီးသွားဝန်ဆောင်မှုနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် သွားလာနေထိုင် စားသောက်မှုတို့တွင် အခြားသောဖွံ့ဖြိုးတိုးတက်နေသည့်ဒေသများ၊ နိုင်ငံများကို အတုယူ၍ သွားချင်စဖွယ်၊ လာချင်စဖွယ်၊ နေချင်စဖွယ်ဖြစ်အောင် ဆောင်ရွက်ပြီး ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံနှင့် ဒေသသို့ လာရောက်ကြသည့် ခရီးသွားများအားလုံး၏ မှတ်ချက်ကောင်းကို ရရှိနိုင်ရေး နိုင်ငံသားတစ်ဦးချင်း၊ ဒေသခံ တစ်ဦးချင်းစီမှစ၍ ကိုယ်စီအသိစိတ်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ “အိမ်သာလျှင် ဧည့်လာမည်” ဟူသည့် စကားနှင့်အညီ သာယာလှပပြီး စည်းကမ်းစနစ်တကျရှိသည့် ပတ်ဝန်းကျင်ကောင်းကို ပုံဖော်ဖန်တီးနိုင်ရေး တာဝန်ရှိသူများအားလုံးက ကြပ်မတ်ဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ လိုက်နာဆောင်ရွက်ရမည့် ဝန်ထမ်းများ၊ ကိုယ်စီအသိစိတ်ဖြင့် ထိန်းသိမ်း ဆောင်ရွက်ရမည့် ပြည်သူများအားလုံးအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြား လိုကြောင်း။

 

နိုင်ငံ့စီးပွားရေး အားကောင်းလာစေရေးအတွက် MSME လုပ်ငန်းများကို မဖြစ်မနေအားပေး မြှင့်တင်ကြရန်လိုပြီး အချို့ဖွံ့ဖြိုးပြီးနိုင်ငံများ၌ပင် SME လုပ်ငန်းများကို အားထားနေရဆဲဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း MSME လုပ်ငန်းများကို အထူးအလေးထား အားပေးသွားရန်နှင့် ဒေသမှထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အဓိကထား၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ MSME လုပ်ငန်းများဆောင်ရွက်ရာတွင် ကုန်ကြမ်း၊ အရင်းအနှီး၊ သွင်းအားစု၊ လူသားအရင်းအမြစ်များ လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကုန်ကြမ်းများကို ပြည်ပမှ ဝယ်ယူ၍ဆောင်ရွက်ခြင်းထက် ဒေသတွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အသုံးပြု၍ ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဆိုပါက အကျိုးဖြစ်ထွန်းစေနိုင်ကြောင်း၊ MSME လုပ်ငန်းများ တိုးတက်စေရေးအတွက် လိုအပ်သည့် ရင်းနှီးမတည်ငွေများကို နိုင်ငံတော်က ထုတ်ချေးပေးလျက်ရှိပြီး လိုအပ်သည့်ဖြေလျှော့မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လိုအပ်သည့် လူသားအရင်းအမြစ်များရရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ စီးပွားရေး မြှင့်တင်မှုလုပ်ငန်းတွင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် MSME လုပ်ငန်းများကို ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

 

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိတရား ကင်းစွာဖြင့် နိုင်ငံတော်ကပေးအပ်ထားသည့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကာ နိုင်ငံတော်နှင့်ပြည်သူတို့၏အကျိုးကို ဖော်ဆောင်ပေးရမည် ဖြစ်ကြောင်း၊ ယခင် ဒီမိုကရေစီ ဒုတိယအစိုးရသက်တမ်းကာလတွင် နိုင်ငံတော်နှင့် ပြည်ထောင်စု အဆင့် တာဝန်ရှိသူများ၏ မဆင်မခြင်ဆောင်ရွက်မှုများကြောင့် နိုင်ငံတော်မှ နစ်နာဆုံးရှုံးခဲ့ရသည့် ငွေကြေး ပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ ၁၃ ဒသမ၃၄၄ သန်းနှင့် ငွေကျပ် ၂၂၆ ဒသမ ၁၀၇ ဘီလီယံ ဆုံးရှုံးခဲ့ရကြောင်း၊ ထိုကဲ့သို့ မဖြစ်စေရေးအတွက် မိမိတို့အနေဖြင့်လည်း လုပ်ငန်း ဆောင်ရွက်မှုများအားလုံးကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စဉ်းစားဆင်ခြင် ဆောင်ရွက်သွားကြရန် လိုကြောင်း၊ အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်အနေဖြင့် များစွာဆုံးရှုံးနစ်နာရနိုင်သည် ဖြစ်သဖြင့် အဂတိမှုများနှင့်ပတ်သက်၍ အရေးယူရသည်များမဖြစ်ရန်လိုကြောင်း၊ အဂတိ လိုက်စားမှုများ မရှိစေရေး ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အလိုက်ကြပ်မတ် ထိန်းသိမ်းကြရန်လိုကြောင်း မှာကြားသည်။

 

သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဆွေးနွေးတင်ပြ

ထို့နောက် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ နွေစပါးနှင့် မိုးသီးနှံများအတွက် လိုအပ်သော ယူရီးယားမြေဩဇာနှင့် စက်သုံးဆီများ တောင်သူလက်ဝယ် အချိန်မီ ရောက်ရှိရေး၊ သစ်စိမ်းမြေဩဇာနှင့် သဘာဝမြေဩဇာသုံးစွဲမှုကို မြှင့်တင်ပြီး အရည်အသွေးမမီသော မြေဩဇာများ ဈေးကွက်အတွင်း မပျံ့နှံ့စေရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိမှု၊ နေကြာ၊ နှမ်း ဆီထွက် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဆန်စပါး Export Zone များမှတစ်ဆင့် ပြည်ပတင်ပို့မှု မြှင့်တင်ရေး၊ ပဲပုပ်စိုက်ပျိုးရေး၊ ရေချိုပုစွန် သားဖောက်ထုတ်လုပ်ရေးနှင့် ပြည်တွင်းထုတ် မျိုးချောင်းများဖြင့် နို့စားနွားမျိုးစပ်လုပ်ငန်းများ အောင်မြင်ရေး ဆောင်ရွက်လျက်ရှိမှု၊ လယ်ယာမြေ များကို ခွင့်ပြုချက်မရှိဘဲ အခြားနည်းလမ်းဖြင့် သုံးစွဲနေမှုများကို ထိရောက်စွာတားဆီးရေးဆောင်ရွက် လျက်ရှိမှု၊ သမဝါယမအသင်းများမှ တောင်သူများကို စနစ်တကျဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ အသေးစားစက်မှုလုပ်ငန်းများအတွက် လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိမှု၊ ဓာတ်မြေဩဇာများ တောင်သူများလက်ဝယ်သို့ ရောက်ရှိရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ သီးနှံပေါ်ပေးစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် အကျိုးကျေးဇူးများ ရရှိလျက်ရှိမှု၊ အခြေခံကျသည့် မွေးမြူရေးလုပ်ငန်းများအား မှန်ကန်သည့် ကုန်ထုတ်လုပ်မှုများ ဖြစ်အောင် ဆောင်ရွက်လျက်ရှိမှု။

 

ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ သဘာဝဓာတ်ငွေ့များ ဖြန့်ဖြူးရာတွင် လေလွင့်ဆုံးရှုံးမှုများ မဖြစ်စေရေး ဆောင်ရွက်ရန် လိုအပ်လျက်ရှိမှု၊ ထုတ်လုပ်မှုများ တိုးမြှင့် ထုတ်လုပ်နိုင်ရေးကမ်းလွန်စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု၊ ပြည်တွင်းစက်သုံးဆီ ဖူလုံမှုရှိစေရေးအတွက် သန်လျင်ရေနံချက်စက်ရုံအား ပြန်လည်တည်ဆောက် အဆင့်မြှင့်တင်လျက်ရှိမှု၊ ပြည်တွင်းစက်သုံးဆီ ဖူလုံမှုရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ စက်သုံးဆီများ သယ်ဆောင်ဖြန့်ဖြူးပေးရာတွင် စနစ်တကျဖြင့်ရယူသုံးစွဲနိုင်ရေး Digital စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိမှု၊ လျှပ်စစ်ဓာတ်အားများရရှိရေး သဘာဝဓာတ်ငွေ့နှင့် ရေအားလျှပ်စစ် ထုတ်လုပ်မှုတို့အား အဓိကထားထုတ်လုပ်လျက်ရှိပြီး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိမှု၊ လျှပ်စစ်ဓာတ်အားများ လုံလောက်စွာရရှိစေရေး၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းများတိုးတက်စေရေး လျာထားဆောင်ရွက်လျက်ရှိမှု၊ လျှပ်စစ်ဓာတ်အား ဖြန့်ဝေမှုများတွင် လေလွင့်ဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးဆောင်ရွက်လျက်ရှိမှု။

 

MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်ဖြင့် မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိ မှု၊ MSME လုပ်ငန်းမှတ်ပုံတင်များပေးလျက်ရှိမှု၊ MSME ပြပွဲများ၊ ကုန်ထုတ်လုပ်မှုနှင့် လုပ်ငန်း စွမ်းဆောင်မှု မြှင့်တင်ရေးသင်တန်းများဖွင့်လှစ်ရန် လျာထားဆောင်ရွက်လျက်ရှိမှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးလျက်ရှိမှုနှင့် အေဂျင်စီများဖွဲ့စည်း နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ MSME လုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုများမြှင့်တင်နိုင်ရန် ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်အကြီးအကဲ၏ အားပေးဆောင်ရွက်မှုများကြောင့် MSME လုပ်ငန်းများ လျင်မြန်စွာဖြင့် ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံတော်အဆင့် MSME ပြပွဲများ ကျင်းပလာနိုင်မှု၊ ပြည်တွင်း ဝါစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်လျက်ရှိမှုနှင့် ဝါကိုအခြေခံသည့် စက်မှု ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်လျက်ရှိမှု၊ ဝါးအခြေခံတန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ စက်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ ကျောင်းပြင်ပသို့ ရောက်ရှိနေသည့်ကလေးများ ကျောင်းပြန်တက်နိုင်ရေး Placement Test များစစ်ဆေး၍ အစိုးရကျောင်းများတွင် ပြန်လည်လက်ခံရေးနှင့် စနစ်တကျစာရင်း ကောက်ယူဆောင်ရွက်နေမှု၊ ပုဂ္ဂလိကကျောင်းများ စနစ်တကျဖြစ်စေရေးနှင့် သတ်မှတ်ထားသည့် စည်းကမ်းများနှင့်ကိုက်ညီမှုရှိစေရေး စစ်ဆေးဆောင်ရွက်သွားရန် လိုအပ်မှုတို့နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး ဒုတိယသမ္မတ ဦးညိုစောက ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများ တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်လျက်ရှိမှု၊ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ရန်ကျန်ရှိသည့် ကိစ္စရပ်များအား ပြီးပြတ် အောင် ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိမှုတို့နှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးတင်ပြသည်။


 

တင်ပြချက်များအပေါ် ပြန်လည်ဖြည့်စွက်ဆွေးနွေးမှာကြား

ဆွေးနွေးတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတ က စိုက်ပျိုးရေးလုပ်ငန်းသည် နိုင်ငံ့စီးပွားရေးအတွက် အဓိကကျကြောင်း၊ နှမ်း၊ နေကြာ၊ ပဲပုပ်၊ အာလူးများ ကို စိုက်ပျိုးလျက်ရှိကြောင်း၊ အဓိကအားဖြင့် တစ်ဧက အထွက်နှုန်းများကောင်းရန်နှင့် အချက်အလက်များ မှန်ကန်မှုရှိရန်လိုကြောင်း၊ ဆန်တင်ပို့မှုများ တိုးတက်လာစေရေးအတွက် အရည်အသွေး ကောင်းမွန်သည့်ဆန်များ စိုက်ပျိုး ရရှိစေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ မန္တလေး၊ ရှမ်းပြည်နယ်တို့တွင် နေကြာ၊ ပဲပုပ်နှင့် နှမ်းကို စိုက်ပျိုးကြပြီး လက်ရှိစိုက်ပျိုးဧကအတိုင်း တစ်ဧက ပန်းတိုင် ရည်မှန်းချက်အထွက်နှုန်းရရှိအောင် ဆောင်ရွက်စေလိုကြောင်း၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်းဒေသကြီးတို့တွင် စပါး၊ ပဲ၊ နှမ်း၊ ပြောင်းတို့အပါအဝင် သီးနှံများ စိုက်ပျိုး ဖြစ်ထွန်း အောင်မြင်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အဓိကဆောင်ရွက်လျက်ရှိသည့် တိုင်းဒေသကြီးများ အနေဖြင့် ပြည်ပပို့ကုန်ပိုမိုတိုးမြှင့် ရရှိနိုင်ရေး စိုက်ပျိုးရန်လိုသကဲ့သို့ ပြည်နယ်များ အလိုက်လည်း ဒေသတွင်းစားရေးဖူလုံရေးအတွက် အဓိကထား ဆောင်ရွက်သွားကြရန်လိုကြောင်း။

 

သမဝါယမစနစ်မှတစ်ဆင့် ကျေးလက်နေပြည်သူများ စီးပွားပိုမိုဖြစ်ထွန်းလာစေပြီး ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း၊ တစ်ဦးချင်း၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျေးလက်ဖွံ့ဖြိုးရေးမူကြီး (၅) ရပ် ဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ ရေရရှိရေးစသည်တို့ကို အခြေခံ၍ သမဝါယမစနစ်ကို ကောင်းမွန်အောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ပင် သမဝါယမစနစ်ကို ကျင့်သုံးလျက်ရှိကြောင်း၊ ထို့ကြောင့် သမဝါယမစနစ်ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်သွားကြရန် လိုကြောင်း။

 

လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်၍ ဒေသအလိုက် ဖူလုံမှုရှိစေရေး လက်ရှိအချိန်တွင် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကို မိမိတို့ဒေသအလိုက် ကြိုးပမ်းဆောင်ရွက်သွားရန် လိုကြောင်း၊ အလားတူ အပူစွမ်းအင်သုံးလျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းများကိုလည်း ဆောင်ရွက်သွားရန် လိုကြောင်း၊ လျှပ်စစ်ဓာတ်အားများ လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် စိစစ်ဆောင်ရွက်သွားရန်လိုကြောင်း၊ စက်သုံးဆီများနှင့်ပတ်သက်၍ တတ်နိုင်သမျှ ထိန်းသိမ်း ဆောင်ရွက်ထားနိုင်ကြောင်း၊ ဆီသိုလှောင်မှုများနှင့်ဖြန့်ခွဲမှုများ စနစ်တကျဖြစ်စေရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း ဖြည့်စွက်ဆွေးနွေးမှာကြားသည်။

 

ဒေသနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် ရာတွင် ရေရှည်အကျိုးကိုကြည့်၍ ဆောင်ရွက်

ယင်းနောက် နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ကုန်စည်စီးဆင်းမှု လုံခြုံ ချောမွေ့စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စနစ်တကျကြပ်မတ်ဆောင်ရွက် သွားကြရန်လိုကြောင်း၊ အလားတူတရားမဝင် ကုန်သွယ်မှုများ၊ မူးယစ်ဆေးဝါးများ သယ်ဆောင်မှု များမရှိစေရေးနှင့် စစ်ဆေးရေးဂိတ်များအနေဖြင့် စည်းကမ်းတကျ စစ်ဆေးဆောင်ရွက်စေရေး အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း။

 

ဝန်ကြီးဌာနအသီးသီးနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စီမံကိန်းများနှင့်ပတ်သက်၍ ဆောင်ရွက် ရာတွင် စနစ်တကျဖြင့်အောင်မြင်အောင် အလေးထားအကောင်အထည်ဖော် ဆောင်ရွက်သွား ကြရန်လိုကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်ချိန် ကာလအတွင်း ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး နှင့်ပြည်နယ်အဆင့်အလိုက်ဆောင်ရွက်ရန် လုပ်ငန်းများကိုလည်း အောင်မြင်စွာဖြင့်ဆောင်ရွက်နိုင်ရေး အရှည်ကိုမြော်တွေးပြီး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မြေနေရာများကို အသုံးချရာတွင်လည်း အရှည်ကို မြော်တွေးပြီး Master Plan များ ကြိုတင်ရေးဆွဲကာ စနစ်တကျတွက်ချက် ဆောင်ရွက် သွားရန် လိုကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုအဆင့်မှ ဆောင်ရွက်သည်များ ရှိသကဲ့သို့ ဒေသအလိုက်ဆောင်ရွက်ရသည်များလည်းရှိပြီး ရေရှည်အကျိုးကို ကြည့်၍ စနစ်တကျဖြင့် တွက်ချက်ဆောင်ရွက်သွားကြရန် အလေးထားမှာကြားလိုကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.