နိုင်ငံတကာ ကြောင်ကြီးမျိုးစိတ်များ မဟာမိတ်အဖွဲ့ (IBCA) ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည်

 


နေပြည်တော် မေ ၃

 

အိန္ဒိယနိုင်ငံသည် ၂၀၂၆ ခုနှစ် ဇွန် ၁ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် International Big Cat Alliance (IBCA) ထိပ်သီးဆွေးနွေးပွဲကို နယူးဒေလီမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အဓိကထားဆောင်ရွက်လျက်ရှိ

အဆိုပါ မဟာမိတ်အဖွဲ့ကို အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ ဦးဆောင်၍ ကမ္ဘာလုံးဆိုင်ရာ ကြောင်ကြီးမျိုးစိတ်များ ထိန်းသိမ်းကာကွယ်ရေးအတွက် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ကျား၊ ခြင်္သေ့၊ ကျားသစ်၊ ဆီးနှင်းကျားသစ်၊ ချီတာ၊ ဂျာဂွာနှင့် ပူမာ စသည့် မျိုးစိတ် ခုနစ်မျိုးကို အဓိကထား ဆောင်ရွက်လျက်ရှိသည်။

 

IBCA သည် ကြောင်ကြီးမျိုးစိတ်များရှိရာ နိုင်ငံများသာမက မရှိသော်လည်း စိတ်ဝင်စားမှုရှိသည့် နိုင်ငံများ၊ သုတေသနအဖွဲ့အစည်းများ၊ တိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းများ ပါဝင်သည့် နိုင်ငံပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ မဟာမိတ်အဖွဲ့တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၉၅ နိုင်ငံထိ ပါဝင်ကြောင်း သိရသည်။

 

ထိပ်သီးဆွေးနွေးပွဲသို့ နိုင်ငံအများအပြားမှ အစိုးရကိုယ်စားလှယ်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများ၊ သုတေသနပညာရှင်များနှင့် နိုင်ငံတကာ NGO များ တက်ရောက်မည်ဖြစ်ပြီး တောရိုင်းတိရစ္ဆာန်များ၏ နေထိုင်ရာပတ်ဝန်းကျင် ပျက်စီးမှုနှင့် တရားမဝင် တိရစ္ဆာန်ရောင်းဝယ်မှုများ ကို တားဆီးရန် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးကို အဓိကဆွေးနွေးသွားမည်ဖြစ်သည်။ IBCA ၏ အဓိကရည်ရွယ်ချက်မှာ သက်ဆိုင်သူများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် အောင်မြင်ပြီးသော ကြောင်ကြီးမျိုးစိတ် ထိန်းသိမ်းရေးနည်းလမ်းများ၊ အတွေ့အကြုံများကို စုစည်းထားနိုင်မည့် ဗဟိုအချက်အလက်အစုအဝေးတစ်ခု ဖန်တီးရန်ဖြစ်သည်။

 

ထို့အပြင် IBCA သည် နိုင်ငံအချင်းချင်းအကြား နည်းပညာနှင့် အတွေ့အကြုံများ မျှဝေရန် ရည်ရွယ်ထားသည့် မဟာမိတ်အဖွဲ့တစ်ခုဖြစ်ပြီး ထိပ်သီးဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် ဆုံးဖြတ်ချက်များသည် ကမ္ဘာတစ်ဝန်း ဇီဝမျိုးစုံလင်မှု ထိန်းသိမ်းရေးအတွက် အရေးပါသော အကျိုးသက်ရောက်မှုများရှိလာနိုင်မည်ဟု မျှော်လင့်ရသည်။

မောင်သာယာ 

No comments

Powered by Blogger.