ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော သီးနှံစုံ ၃၃၃၈ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်



ပွင့်ဖြူ     ဇူလိုင်     ၃၀

          မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော သီးနှံစုံ ၃၃၃၈ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

          ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားနပ်ရိက္ခာဖူလုံပိုလျှံစေရန်နှင့် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက်  စပါး ၊ နှမ်း ၊ မြေပဲ ၊ နေကြာ ၊ ပဲတီစိမ်း ၊ ပဲကြီး ၊ ပဲစင်းငုံ ၊ ဖူးစားပြောင်း ၊ ချည်မျှင်ရှည်ဝါ ၊ ကြံ ၊ ဟင်းသီးဟင်းရွက်သီးနှံ ၊ ငှက်ပျော ၊ အုန်း ၊ ထန်း ၊ သီးပင်စားပင် ၊ ပရဆေးပင်နှင့် အထွေအထွေ စားသုံးသီးနှံများ စသည့် မိုးသီးနှံစုံ ၁၃၇၉၈၇ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်ထိ မြေပြင်စိုက်ပျိုးပြီးစီးမှု ၉၁၂၂၉ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ စိုက်ပျိုးထားသော မိုးသီးနှံစိုက်ခင်းများကို ယခုနှစ် ဇူလိုင်လ ပထမပတ်က စတင်ရိတ်သိမ်းဆောင်ရွက်ခဲ့ရာ ယနေ့တွင် သီးနှံစုံ ၃၃၃၈ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

          "ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း မိုးသီးနှံစုံစိုက်ဧက ၁၃၇၉၈၇ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်လျက်ရှိရာ ဒီနေ့ထိ ၉၁၂၂၉ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်။ အဲဒီ စိုက်ပျိုးထားတဲ့ မိုးသီးနှံစိုက်ခင်းများတွင် ဆောလျင်စွာ စိုက်ပျိုးနိုင်ခဲ့တဲ့ ပဲတီစိမ်းစိုက်ခင်းနဲ့ ငှက်ပျောစိုက်ခင်းများကို ဇူလိုင်လကစပြီး ရိတ်သိမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီနေ့ထိ ပဲတီစိမ်း ၃၂၈၀ ဧက နဲ့ ငှက်ပျော ၅၈ ဧက ၊ စုစုပေါင်း သီးနှံစုံဧက ၃၃၃၈ ဧက  ရိတ်သိမ်းပြီးစီးသွားပြီ ဖြစ်ပါတယ်။ မိုးသီးနှံတွေ သိမ်းဆည်းတာနဲ့ ပတ်သက်ပြီး အထွက်နှုန်းများ လျော့နည်းမှုတွေ မဖြစ်စေရေးအတွက် စနစ်တကျ သိမ်းဆည်းကြဖို့၊ အရည်အသွေးကောင်းတဲ့ သီးနှံများ ရရှိဖို့ အမိုးအကာအောက်မှာ စနစ်တကျ သိမ်းဆည်း နိုင်ဖို့အတွက် ဒေသခံတောင်သူတွေကိုလဲ အချိန်မီ သီးနှံရိတ်သိမ်းနည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

          ပွင့်ဖြူမြို့နယ်တွင် ရိတ်သိမ်းပြီးစီးသည့် မိုးသီးနှံစုံ ၃၃၃၈ ဧကတွင် ပဲတီစိမ်း ၃၂၈၀ ဧက ၊ ငှက်ပျော ၅၈ ဧကတို့ ရိတ်သိမ်းပြီးစီးပြီဖြစ်ကာ အထွက်နှုန်းအနေဖြင့် ပဲတီစိမ်း တစ်ဧကလျှင် ၁၉ ဒသမ ၁၃ တင်း ထွက်ရှိပြီး ငှက်ပျော တစ်ဧကလျှင် ငှက်ပျောခိုင် ၁၄၃၀ ခိုင် ထွက်ရှိကြောင်း သိရသည်။

          တောင်သူများအနေဖြင့် ရာသီအလိုက် သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းတိုးတက် ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ဒေသနှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့်များကို တစ်နှစ်ထက် တစ်နှစ် တိုးချဲ့စိုက်ပျိုး နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )


No comments

Powered by Blogger.