ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားနှစ်နိုင်ငံက အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးတွင် ပူးပေါင်း ဆောင်ရွက်မည်



ဖနောင်ပင်     ဇူလိုင်     ၂၉

ကမ္ဘောဒီးယားနှင့်    အင်ဒိုနီးရှား နှစ်နိုင်ငံက  အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးတွင်  ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယား၏ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးကော်မရှင် ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နည်းပညာအခြေပြု လိမ်လည်မှုများကို ရှုပ်ထွေးလှသော  ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ခုအဖြစ် ဖော်ပြထားသည်။

အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူးရုံး၏ အကြီးအကဲ ကမ္ဘောဒီးယား  အကြီးတန်းဝန်ကြီး ချာဟေဆီနာရစ်နှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး အာရစ်ဖ် ဟာဗာစ်အို ဂရိုဆီနိုတို့က ဇူလိုင် ၂၃ ရက်တွင် မြို့တော်ဖနောင်ပင်၌ တွေ့ဆုံစဉ် အထက်ပါပူးပေါင်းဆောင်ရွက် မှုနှင့်   ပတ်သက်ပြီး ကတိကဝတ်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

အွန်လိုင်းလိမ်လည်မှုများကို တိုက်ဖျက်ရန် အတွေ့အကြုံများ မျှဝေရန်နှင့် နောက်ထပ်တန်ပြန် အစီအမံများကို ဆွေးနွေးရန်အတွက် ကမ္ဘောဒီးယားနိုင်ငံက စက်တင်ဘာ ၂၃ ရက်မှ ၂၄ ရက် အထိ  ဖနောင်ပင်မြို့တော်၌ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာညီလာခံကို လက်ခံကျင်းပမည်ဖြစ်ကြောင်း ပြောကြားသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး အာရစ်ဖ်ဟာဗာစ်အိုဂရိုဆီနိုက ကမ္ဘောဒီးယား၏   အွန်လိုင်း လိမ်လည်မှုဆိုင်ရာ နှိမ်နင်းမှုများကို ချီးကျူးဂုဏ်ပြုပြီး အွန်လိုင်းလိမ်လည်မှုများကို ဖြိုခွင်းရန် ကမ္ဘာလုံးဆိုင်ရာ  ပူးပေါင်းဆောင်ရွက်မှု တစ်ရပ်ကို ဖွဲ့စည်းသင့်ကြောင်းထောက်ပြ ပြောကြားသည်။

ကမ္ဘောဒီးယားနိုင်ငံသည် အများပြည်သူဘေးကင်းရေးအတွက် ဆိုက်ဘာလိမ်လည်မှုကွန်ရက်များ ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နှိမ်နင်းလျက်ရှိသည်။

၂၀၂၅ ခုနှစ်  ဇွန်လမှ ၂၀၂၆ ခုနှစ် ဇွန်လအတွင်း  ကာစီနို ၇၂ ခုအပါအဝင် နိုင်ငံတစ်ဝန်းရှိ    အွန်လိုင်းလိမ်လည်မှုစင်တာ ၇၃၇ ခုကို ပိတ်ပစ်ခဲ့သည်။ ယခုနှစ် ဇွန်လအထိ ဤတရားမဝင်လုပ်ငန်း များနှင့် ဆက်စပ်၍ နိုင်ငံပေါင်း ၃၈ နိုင်ငံမှ နိုင်ငံခြားသား ၂၁၁၀၂ ဦးကို နှင်ထုတ်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်

No comments

Powered by Blogger.