ဂျပန်နိုင်ငံတွင် ပြင်းအား ၇.၁ ရှိ ငလျင်ကြောင့်သေဆုံးသူများရှိလာ နောက်ဆက်တွဲငလျင်များကြောင့် မြန်မာနိုင်ငံသားများသတိရှိကြရန် ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံရုံးကြေညာ
ရန်ကုန် ဇူလိုင် ၂၉
ဂျပန်နိုင်ငံ ကူမာမိုတိုစီရင်စု၌ ပြင်းအား
၇.၁ ရှိ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူများလာပြီး နောက်ဆက်တွဲငလျင်များဖြစ်ပေါ်နိုင်၍
အနီးပတ်ဝန်းကျင်ဒေသရှိ မြန်မာနိုင်ငံသားများ သက်ဆိုင်ရာ အာဏာပိုင်များ၏ညွှန်ကြားချက်ကို
အချိန်နှင့်တစ်ပြေးညီလိုက်နာကြရန် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ကြေညာထားသည်။
ဇူလိုင် ၂၈ ရက် ညနေ ၄ နာရီ ၂၇ မိနစ်တွင်
ဂျပန်နိုင်ငံ ကူမာမိုတိုစီရင်စု၌ ပြင်းအား ၇.၁ ရှိ ငလျင် တစ်ခုလှုပ်ခတ်ခဲ့ကြောင်းနှင့်
အဆိုပါဒေသတွင် နောက်ဆက်တွဲငလျင်များ လှုပ်ခတ်လျက်ရှိကြောင်း သိရှိရသည်ဟု သံရုံး၏ထုတ်ပြန်ချက်တွင်
ပါရှိသည်။
ငလျင်ဒဏ်ကြောင့် အဆောက်အအုံများ ပြိုကျ
ပျက်စီးမှုများ၊ ပေါက်ကွဲမှုများနှင့် မီးလောင်ကျွမ်းမှု များရှိပြီး ဇူလိုင် ၂၉ ရက်
နံနက်ပိုင်းသတင်းများအရ လူ ၁၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများ ရှိကြောင်း သိရသည်။
အဝေးပြေးလမ်းမကြီးများအပါအဝင် အဓိက
လမ်းမကြီးများတွင် အက်ကြောင်းများဖြစ်ပေါ်ပြီး ရထားပြေးဆွဲမှုများနှင့် လေယာဉ်ခရီးစဉ်များ
ရပ်ဆိုင်းထားကြောင်း၊ ကူမာမိုတိုစီရင်စုအတွင်း အိမ်ထောင်စုပေါင်း ၄၈၃၀၀ ခန့် လျှပ်စစ်ဓာတ်အား
ပြတ်တောက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဂျပန်နိုင်ငံ ကူမာမိုတိုနှင့်
အနီး ပတ်ဝန်းကျင်ဒေသရှိ မြန်မာနိုင်ငံသားများအနေဖြင့် နောက်ဆက်တွဲငလျင်များ ဖြစ်ပေါ်နိုင်သည့်အတွက်
သတိရှိကြရန်၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ အင်တာနက်များမှ ဒေသဆိုင်ရာအာဏာပိုင်များနှင့်
Japan Meteorological Agency မှထုတ်ပြန်သည့် သတင်းအချက်အလက်များကို အနီးကပ်စောင့်ကြည့်၍
ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန်နှင့် သက်ဆိုင်ရာ အာဏာပိုင်များ၏ညွှန်ကြားချက်ကို လိုက်နာကြရန်
အသိပေးထားသည်။ ယခုသတိပေးကြေညာချက်အား မိမိနှင့်နီးစပ်ရာ မြန်မာနိုင်ငံသားများထံ ဖြန့်ဝေ
အသိပေးနိုင်ပါရန်လည်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ မေတ္တာရပ်ခံထားသည်။
MT

No comments