အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ထုတ်ပေး

 



နေပြည်တော် ဇူလိုင် ၂၉


ကျိုင်းတုံမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ကျောင်းသား ကျောင်းသူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုင်းတုံမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့က နိုင်ငံသားစိစစ်ရေးကတ် နှင့် UID များထုတ်ပေးခြင်းလုပ်ငန်းကို လမင်းစီမံချက်ဖြင့် နေ့ချင်းပြီး (One Stop Service)ဖြင့် ဆောင်ရွက်ပေးကြရာ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ မိဘဆရာအသင်းဝင်များကလည်း ပါဝင်ကူညီ ဆောင်ရွက်ပေးကြသည်။


ထိုသို့ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID များ ထုတ်ပေးခြင်းလုပ်ငန်းဆောင်ရွက်မှုကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ကြည့်ရှုအားပေးပြီး ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားကတ်နှင့် UID များတို့ကို ကာယကံရှင် ကျောင်းသား ကျောင်းသူ တစ်ဦးချင်းထံ ပေးအပ်ကာ မြို့နယ်ရုံးမှဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်သည်။


ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယပြည်နယ်ခွဲ ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ရှိ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.