Asian Champion League ပြိုင်ပွဲတွင် ဆုရရှိကြသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်
မြစ်ကြီးနား သြဂုတ် ၂၅
မြစ်ကြီးနားမြို့ IELT ကိုယ်ပိုင်အထက်တန်းကျောင်းမှ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် Asian Champion League ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ချန်ပီယံဆုဖလား၊ တံခွန်စိုက် ဒိုင်းဆုများအပါအဝင် ဆုတံဆိပ်များရရှိခဲ့သည့် ပြည်နယ်ဂုဏ်ဆောင် ကျောင်းသား ကျောင်းသူများအား ကချင်ပြည်နယ်အစိုးရအဖွဲ့က ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး ဝင်းအတွင်း ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပသည်။
ယခင် ကမ္ဘာ့အဆင့်အိုလံပစ်ပြိုင်ပွဲ ရွှေတံဆိပ်ဆုရရှိခဲ့သော ကျောင်းများအား ဖိတ်ခေါ်ပြီး ပါဝင်ယှဉ်ပြိုင်စေသည့် Asian Champion League သည် စတုတ္ထအကြိမ်မြောက်ပြိုင်ပွဲဖြစ်ပြီး ဂျပန်၊ ကိုရီးယား၊ တရုတ်၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ လာအို၊ ဗီယက်နမ်၊ မြန်မာစသည့် နိုင်ငံပေါင်း ၁၀ နိုင်ငံမှ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀၀ ကျော် ပါဝင်ယဉ်ပြိုင်ကြပြီး မြန်မာကိုယ်စားပြုအဖြစ် IELT-IPSS ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ ခုနစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကာ ယခုကဲ့သို့ ဆုတံဆိပ်များရရှိခဲ့ခြင်း ဖြစ်သည်။
ဂုဏ်ပြုချီးမြှင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဂုဏ်ပြု စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က အလယ်တန်းအဆင့် အင်္ဂလိပ်၊ သိပ္ပံ၊ အိုလံပစ်ဘာသာရပ် G-8 Level ၊ G-6 Level ၊ G-4 Level များတွင် အင်္ဂလိပ်၊ သိပ္ပံနှင့် သင်္ချာဘာသာရပ်များတွင် အမြင့်ဆုံးချန်ပီယံ Diamond Award ၊ Gold Award (ပထမဆု)၊ Sliver Award (ဒုတိယဆု)၊ Bronze Award (တတိယဆု)များနှင့် နှစ်သိမ့်ဆုများအပါအဝင် ချန်ပီယံ ဆုဖလား၊ တံခွန်စိုက်ဒိုင်းဆုများရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူ ခုနစ်ဦးနှင့် ဆရာ ဆရာမများအတွက် စုစုပေါင်း ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း ၉၀ ကို ချီးမြှင့်ပေးအပ်ရာ ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားနှင့် IELT-IPSS ကိုယ်ပိုင်ကျောင်း တည်ထောင်သူ ဦးအောင်ငွေစိုးတို့က ပြိုင်ပွဲအတွေ့အကြုံများနှင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့ပြင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ဗဟိုအဆင့်) ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ပြည်နယ်အဆင့် ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments