မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာပြီး မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သော တရုတ်နိုင်ငံသား အမျိုးသား ၆၀ အား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ




နေပြည်တော် ဩဂုတ် ၁၁


နိုင်ငံတော် အစိုးရအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ် အားလုံး၏ လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီးစေပြီး အများပြည်သူအကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ် ပေးလျက်ရှိသည့် အွန်လိုင်း လိမ်လည်မှုနှင့် အွန်လိုင်း လောင်းကစားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းအင်အားစုများ အပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ လုံးဝ ပြန်လည် အခြေမချနိုင်သည်အထိ ထိထိရောက်ရောက် ရှာဖွေနှိမ်နင်း လျက်ရှိသည်။



ထိုကဲ့သို့ လုံခြုံရေးပူးပေါင်းအဖွဲ့များက သက်ဆိုင်ရာနယ်မြေများ အတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ကိုင်သူများ အခြေပြုနေထိုင်ခြင်း မရှိစေရန်နှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ဆောင်ရွက်ခြင်းမရှိစေရန်အတွက် စုံစမ်းရှာဖွေ ဖော်ထုတ်စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀နာရီ ၃၅ မိနစ်ခန့်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ တော်ရွက်ရပ်ကွက် မင်္ဂလာ မူဆယ်လမ်းရှိ နေအိမ်တစ်လုံး အတွင်းမှ အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၆၀ အား ဖုန်းမျိုးစုံ ၈၅လုံး၊ All In One ကွန်ပျူတာ ၁၁လုံး၊ Star Link နှစ်လုံး၊ Power Station နှစ်လုံး၊ Laptop လေးလုံး၊ UPS တစ်ခု၊ ဆိုင်ကယ် နှစ်စီး၊ ဆက်စပ်ပစ္စည်း တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


အဆိုပါ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ လုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲ ဥပဒေများနှင့်အညီ ထိရောက် ပြင်းထန်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။



နိုင်ငံတော်အနေဖြင့် အွန်လိုင်း လိမ်လည် လောင်းကစားမှု ကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်းလိမ်လည် လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.