ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ဒေသများတွင် ရေပြန်လည်ကျဆင်းပါက စိုက်ပျိုးရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားမည်

 


ပုသိမ် ဩဂုတ် ၁၁

 

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ဒေသများတွင် ရေပြန်လည်ကျဆင်းပါက စိုက်ပျိုးရေး လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စက်ယန္တရား၊ မျိုးစေ့နှင့် သွင်းအားစုများ ကြိုတင်ပြင်ဆင်ထားရန်နှင့် စာသင်ကျောင်း၊ ဆေးရုံနှင့် ဌာနဆိုင်ရာရုံးများကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ရန်၊ ဌာနဆိုင်ရာများအနေဖြင့် မူလတာဝန်များနှင့်အတူ ရေဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ကြရန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ယနေ့နံနက်ပိုင်းတွင် ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံစဉ် တိုက်တွန်း ပြောကြားသည်။

 

တွေ့ဆုံပွဲအပြီးတွင် ကျုံပျော်မြို့နယ် ကျောင်းစုကျေးရွာရှိ စိုက်ဧက ၁၀ ဧကတွင် စိုက်ပျိုးထားသော ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးရာသီ RS to CS မှော်ဘီ-၃ မျိုးစေ့ထုတ်စိုက်ခင်းနှင့် စပါးမျိုး ၁၀ မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်များကို ကြည့်ရှုအားပေးသည်။

 

ယင်းအပြင် ကျုံပျော်မြို့နယ် သဖန်း‌ချောင်းကျေးရွာမှ အသက် ၁၂၀ ရှိ အဘိုး ဦးစိန်ငွေအား နိုင်ငံတော် သမ္မတ၏ ဂါရဝပြုလှူဒါန်းငွေ၊ ဆန်၊ ဆီနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို သွားရောက်ပေးအပ်ပြီး အားပေးစကားပြောကြားသည်။

 

ထို့အတူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော်ရုံး ဝန်ထမ်းမိသားစုများက ဧရာဝတီတိုင်းဒေသကြီး ရေဘေးသင့်ပြည်သူများအတွက် ဒုတိယအကြိမ် ဆန်အိတ် ၁၀၀ လှူဒါန်းပွဲသို့ တက်ရောက်၍ ဆန်အိတ်များလက်ခံရယူပြီး သင်္ယန်းဒေါင့်ကျေးရွာ ကျောင်းတိုက်ရှိ ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်သည်။

 

အလားတူ ငါးသိုင်းချောင်းမြို့ မြို့သစ်ရပ်ကွက် အုတ်ပုံရိုးချောင်းအတွင်း ရေဝင်ရောက်နေမှုကိုလည်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.