ဂျပန်နိုင်ငံ၌ အပူပိုင်းမုန်တိုင်းချန်ဟွန် ဝင်ရောက်တိုက်ခတ်
တိုကျို ဩဂုတ် ၁၁
ဂျပန်နိုင်ငံ အိုင်ဘာရာကီစီရင်စု တွင် ဩဂုတ် ၁၁ ရက်က အပူပိုင်း မုန်တိုင်း ချန်ဟွန်တိုက်ခတ်ခဲ့ကြောင်း သိရသည်။ မုန်တိုင်းကြောင့် ကန်တို- ကိုရှင်နတ်ဆူ ဒေသတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ အရှိန်မြင့်လာနိုင်ကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းကြောင့် အိုင်ဘာရာကီစီရင်စု တောင်ပိုင်း တွင် ည ၈ နာရီက မြေပြိုမှုဖြစ်ခဲ့သည်။
အဆိုပါမုန်တိုင်းကြောင့် ကီတာအီဘာရာကီမြို့တွင် လေတိုက်နှုန်း တစ်နာရီလျှင် ၁၀၅ ကီလိုမီတာနှင့် အိုင်ဘာရာကီစီရင်စုရှိ မီတိုမြို့တွင် တစ်နာရီလျှင် ၁၀၁ ကီလိုမီတာရှိခဲ့သည်။ နိုင်ငံအတွင်း ခရီးသွားလာသူများအနေဖြင့် သဘာဝဘေးများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် သတိပေးချက်များ နားထောင်ရန်နှင့် လိုက်နာ ဆောင်ရွက်ရန် တာဝန်ရှိသူများက အကြံပေးခဲ့သည်။
ကန်တို၊ အီဇူကျွန်းများနှင့် နီဂါတာစီရင်စုတို့တွင် တစ်နာရီ လျှင် ၅၇ ကီလိုမီတာမှ ၆၄ ကီလို မီတာအထိ လေတိုက်နှုန်းရှိမည် ဖြစ်ပြီး လာမည့်တစ်ရက်အတွင်း တောင်ပိုင်း ကန်တိုဒေသတွင် မိုးရေချိန် ၁၈၀ မီလီမီတာ၊ မြောက်ပိုင်း ကန်တိုဒေသတွင် မိုးရေချိန် ၁၅၀ မီလီမီတာ၊ ကိုရှင်ဒေသတွင် မိုးရေချိန် ၁၂၀ မီလီ မီတာနှင့် အိုင်ဇူကျွန်းဒေသတွင် မိုးရေချိန် ၁၀၀ မီလီမီတာရှိမည်ဟု တာဝန်ရှိသူများက ပြောကြားသည်။
အနိမ့်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု၊ မြစ်ရေလျှံမှုနှင့် မြစ်ရေကြီးမှုများ အပြင် လေပြင်းတိုက်ခတ်မှုနှင့် လှိုင်းကြီးများဖြစ်နိုင်ကြောင်းနှင့် မြေပြိုမှုများ၊ မိုးကြိုးပစ်မှုများ၊ လေဆင်နှာမောင်းများနှင့် လေပြင်း တိုက်ခတ်မှုများကိုလည်း သတိထားရန် တာဝန်ရှိသူများက သတိ ပေးခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ

No comments