ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ပိုမိုသိရှိနားလည်နိုင်ရေး ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများနှင့် ရပ်ရွာအခြေပြု တွေ့ဆုံဆွေးနွေးပွဲကျင်းပ

 


မြစ်ကြီးနား သြဂုတ် ၂၇

 

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းနှင့် စပ်လျဉ်း၍ဒေသတွင်းရှိ ပြည်သူများနည်းပညာဆိုင်ရာ သိသင့်သိထိုက်သည်များနှင့် အသိပညာဗဟုသုတပိုမိုသိရှိနားလည်စေရေး ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ် ဒေသခံကော်မတီတို့က ရပ်ကွက်/ကျေးရွာအဆင့်ထိ ရပ်ရွာအခြေပြု ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပွဲများကို အဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများနှင့် မိုင်းနားကျေးရွာအုပ်စု နောင်တာလောကျေးရွာ သာသနာ့ရက္ခိတကျောင်းတိုက် ဓမ္မလင်္ကာရဓမ္မာရုံ၌ တွေ့ဆုံဆွေးနွေးကြသည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ အောင်ဝင်း ဦးဆောင်၍ ဒေသခံ ကော်မတီ အဖွဲ့ခေါင်းဆောင် ဦးတိန့်ဆောင်နှင့် အဖွဲ့ဝင်များက ကျေးရွာနေ ပြည်သူများ၏ မေးမြန်းဆွေးနွေး တင်ပြမှုများအပေါ် သိသင့်သိထိုက်သည့် နည်းပညာဆိုင်ရာ အချက်အလက်များ၊ ဘူမိဗေဒဆိုင်ရာပညာရှင် တွေ့ရှိချက်များ၊ လျှပ်စစ်စွမ်းအင်ရရှိမှုပေါ်မူတည်၍ နိုင်ငံတစ်ခုနှင့်တစ်ခု ဖွံ့ဖြိုးတိုးတက်မှု ကွာခြားသည့် နှိုင်းယှဉ်ဖော်ပြချက်များ၊ မြစ်ဆုံနေရာကို ရွေးချယ်ရခြင်း၏ အင်ဂျင်နီယာဆိုင်ရာ အားသာချက်များကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိမိတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးသာမက မိသားစုတစ်ခုချင်း၏ တိုးတက်မြင့်မားရေးတွင် လျှပ်စစ်မီးသည် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်သကဲ့သို့ ယနေ့နည်းပညာခေတ်တွင် လျှပ်စစ်မီးသည် မရှိမဖြစ်အသုံးပြုရန် လိုအပ်နေသည်ကို မိမိတို့အားလုံး သိရှိနားလည်ပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့၏ ဆုံးဖြတ်ချက်သည် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည်ကို အားလုံးက သိရှိနားလည်လက်ခံကြရန် လိုအပ်ပြီး စီမံကိန်းအတွက် ပူးပေါင်းပါဝင်ကြရန်လိုကြောင်း ပြောကြားသည်။

 

နံနက်ပိုင်းကလည်း မိုင်းနားကျေးရွာ နယ်မြေ(၁)ရှိ ရွှေနဒီခန်းမ၌ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံ၍ သဘာဝဘေးအန္တရာယ် ကျရောက်ပါက မည်သို့စီမံထားသည်နှင့် ကြိုတင်စီမံဆောင်ရွက် ထားရှိမှု အခြေအနေများ၊ ဧရာဝတီမြစ်တစ်လျှောက် နေထိုင်သူများအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ စီမံကိန်းတည်ဆောက်စဉ်ကာလအတွင်း မည်ကဲ့သို့ ကြီးကြပ်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်း၊ ခံစားခွင့်၊ အကျိုးအမြတ်၊ စိုးရိမ်ပူပန်မှုများနှင့် စပ်လျဉ်း၍ အပြန်အလှန် ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

No comments

Powered by Blogger.