တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ပြည်သူ့အကျိုးပြု မေးခွန်းရှစ်ခု မေးမြန်းဖြေကြား


ဘားအံ ဩဂုတ် ၁၁


တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီက ဘားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ရှစ်ဦးက မြို့ရွာသန့်ရှင်းသာယာလှပရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ လောင်းကစားမှုကင်းစင်ရေး အစရှိသည့် ပြည်သူ့အကျိုးပြု ကြယ်ပွင့်ပြမေးခွန်းရှစ်ခုကို မေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်အဆင့် အဖွဲ့အစည်းများက ပြန်လည်ဖြေကြားကြသည်။


ထို့နောက် ပြည်နယ်အတွင်း တရားဥပဒေ စိုးမိုးရေးနှင့်အများပြည်သူလုံခြုံရေး ပိုမိုကောင်းမွန်စေရန် ပြည်နယ်အတွင်းရှိ မြို့များအလိုက် အဓိက လမ်းဆုံလမ်းခွများ၊ လူစည်ကားရာနေရာများ၊ ဈေးများ၊ အများပြည်သူအသုံးပြုသည့် နေရာများနှင့် အရေးပါသော နေရာများတွင် CCTV ကင်မရာများ တပ်ဆင်အသုံးပြုနိုင်ရေးအတွက် ပြည်နယ်အစိုးရ အဖွဲ့က ဦးဆောင်စီမံဆောင်ရွက်ပေးရန်နှင့် သက်ဆိုင်ရာ လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းများ၊ စေတနာရှင် များ၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အဆိုကို ကြာအင်းဆိပ်ကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးညီညီလှိုင်က အဆိုတင်သွင်းရာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီး ခိုင်ထွန်းဦးက ထောက်ခံတင်ပြဆွေးနွေးပြီး ယင်းအဆို ကို ပြည်နယ်လွှတ်တော်၌ လက်ခံဆွေးနွေးရန် သင့်၊ မသင့် အဆုံးအဖြတ်ရယူရာ လွှတ်တော်ကိုယ်စားလှယ်များက သဘောတူညီကြသည့်အတွက် ယင်းအဆိုကို ပြည်နယ်လွှတ်တော် တတိယပုံမှန် အစည်းအဝေး စတုတ္ထနေ့တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။


ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.