(၂၃)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့် ဒေသထွက်ကုန်များ ပါဝင်ခင်းကျင်းပြသသွားမည်

 


ပဲခူး ဩဂုတ် ၁၁

 

(၂၃)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည် ပြပွဲတွင် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့် ဒေသထွက်ကုန်များ ပါဝင်ခင်းကျင်းပြသသွားမည် ဖြစ်ကြောင်း MSME ထုတ်ကုန်များ သွားရောက်ပြသနိုင်ရေး ညှိနှိုင်းအစည်းအဝေးမှ သိရသည်။

 

အဆိုပါ (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် MSME ထုတ်ကုန်များ သွားရောက် ပြသနိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဆန်စပါးနှင့် ပဲအမျိုးမျိုးထွက်ရှိသည့် တိုင်းဒေသကြီးဖြစ်၍ တန်ဖိုးမြင့်ဆန်နှင့် ပြည်ပပို့ကုန် အဆင့်မီသော တန်ဖိုးမြင့်ပဲအမျိုးမျိုးကို တိုက်ရိုက်ချိတ်ဆက် တင်ပို့ရောင်းချနိုင်ရေး Information Center တစ်ခုထည့်သွင်းပြသရန် ပြောကြားသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးများက ပြခန်းများခင်းကျင်းပြသနိုင်ရေး၊ ပြည်ပဈေးကွက် ခိုင်မာစွာရရှိရေး၊ (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲခရီးစဉ်နှင့် ခင်းကျင်းပြသသွားမည့် MSME ဒေသ ထွက်ကုန်ပစ္စည်းများ၏ အခြေအနေတို့ကို ရှင်းလင်းတင်ပြပြီး တောင်ငူကွန်ပျူတာတက္ကသိုလ်နှင့် ပြည်ကွန်ပျူတာတက္ကသိုလ်တို့မှ ဒေသထွက်ကုန်များကို တစ်နေရာတည်း လွယ်ကူစွာ ချိတ်ဆက်မှာယူနိုင်ရေး Bagoproductzone Website နှင့် Mobile Application တည်ဆောက်ပြီးစီး၍ e-Service ဖြင့် စတင်ဆောင်ရွက်နိုင်သည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။

 

အလားတူ ဌာနဆိုင်ရာများက (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် ပုဂ္ဂလိကMSME လုပ်ငန်းရှင်များ လိုက်ပါပြသနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးမည့် အခြေအနေနှင့် ပုဂ္ဂလိက MSME လုပ်ငန်းရှင်များက ပြသသွားမည့်ကုန်စည်တစ်ခုချင်းအလိုက် ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.