နည်းပညာတက္ကသိုလ်(မကွေး)၌ ၃၄ ဦးဆံ့ သုံးထပ် RCC ဆရာ ဆရာမဆောင် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပ

 


မကွေး ဩဂုတ် ၁၁

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန နည်းပညာတက္ကသိုလ် (မကွေး)၌ သုံးထပ် RCC ဆရာ ဆရာမဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းနှင့် ပြင်ပရေဂါလန် ၆၀၀၀ ဆံ့ မြေအောက်ရေလှောင်ကန်၊ (၆ ပေ ၉ လက်မ x ၅ ပေ)အကျယ်ရှိ ရေစက်အိမ်တည်ဆောက်ခြင်း၊ ပြင်ပမီးသွယ်တန်းခြင်း၊ (၁၀၀ ပေ x ၁၂ ပေ x ၈ လက်မ) ကွန်ကရစ်အဝင်လမ်း ခင်းကျင်းခြင်းလုပ်ငန်းများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း အပြီးတည် ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်မည့် ၃၄ ဦးဆံ့ သုံးထပ် RCC ဆရာ ဆရာမ များဆောင် မင်္ဂလာပန္နက်တင်အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက အဆိုပါတက္ကသိုလ်၌ ကျင်းပရာ မင်္ဂလာအချိန်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တိုင်ဒေသကြီး ဝန်ကြီးများက သတ်မှတ်နေရာအသီးသီး၌ မင်္ဂလာပန္နက်ရိုက် စိုက်ထူပေးကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ သုံးထပ် RCC ဆရာ ဆရာမဆောင်တည်ဆောက်မည့် နေရာနှင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

နိုင်ငံ့အတွက် လိုအပ်လျက်ရှိသောအင်ဂျင်နီယာ လူ့စွမ်းအားအရင်းအမြစ်များကို နှစ်စဉ်မွေးထုတ်ပေး လျက်ရှိသည့် နည်းပညာတက္ကသိုလ်(မကွေး)တွင် အရာထမ်း၊ အမှုထမ်း စုစုပေါင်း ၁၆၃ ဦးရှိပြီး အိပ်ဆောင်ငါးလုံး၌ နေရာချထားပေးလျက်ရှိရာ ယခု အိပ်ဆောင်သစ် တည်ဆောက်ပြီးစီးပါက တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ ဆရာမများအနေဖြင့် ပိုမိုကျယ်ဝန်း အဆင်ပြေစွာ နေထိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)

No comments

Powered by Blogger.