အောင်လံမြို့နယ်၌ ရေဘေးသင့်ပြည်သူ (၁၃၀) ကျော်အား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်
အောင်လံ ဩဂုတ် ၁၆
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်း မြစ်ရေဝင်ရောက်မှုကြောင့် ယာယီရွှေ့ပြောင်း ခိုလှုံနေကြရသည့် ရေဘေးသင့် ပြည်သူများအား တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ကျန်းမာရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက် ၁၀ နာရီတွင် ကွင်းဆင်းခဲ့ကြသည်။
အောင်လံမြို့၌ သရက်တောရပ်ကွက်အတွင်း မြစ်ရေဝင်ရောက်လာသည့်အတွက် အိမ်ခြေ (၃၇) အိမ်၊ အိမ်ထောင်စု (၃၇) စုမှ ကျား (၅၇) ဦး၊ မ (၇၇) ဦး၊ စုစုပေါင်း ပြည်သူ (၁၃၄) ဦးတို့သည် မကျီးကုန်းရပ်ကွက်ရှိ လယ်ပြင်ဘုန်းကြီးကျောင်းတွင် ယာယီပြောင်းရွှေ့ ခိုလှုံနေကြရခြင်း ဖြစ်ပြီး၊ ရေဘေးသင့်ပြည်သူများထံသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူ၊ မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းလင်းအောင်၊ သရက်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သူဇာထွန်းနှင့် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်တွေ့ဆုံခဲ့ကြသည်။
ထိုသို့ သွားရောက်စဉ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေးသင့်ပြည်သူ တစ်ဦးလျှင် ငွေကျပ် ၅,၀၀၀ နှုန်းဖြင့် လူဦးရေ ၁၃၄ ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၆၇၀,၀၀၀ ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းလင်းအောင်က ရေဘေးခိုလှုံစခန်းအတွင်း ကူးစက်ရောဂါများ ဖြစ်ပွားမှု မရှိစေရေးအတွက် အိမ်သာနှင့် အစားအသောက်များကို သန့်ရှင်းစွာ အသုံးပြုရန်၊ တစ်ကိုယ်ရေသန့်ရှင်းရေး အစဉ်ဂရုစိုက်ရန်၊ လက်ကို စနစ်တကျ မကြာခဏ ဆေးကြောကြရန်နှင့် ရေဘေးစခန်းအတွင်း စည်းကမ်းတကျ နေထိုင်ကြရန် ကျန်းမာရေးဆိုင်ရာ အသိပညာပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)

No comments