လေးမျက်နှာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ငဝန်တာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး လေးမျက်နှာမြို့ပေါ် ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများ၊ ဟင်္သာတမြို့နယ်၊ ရေကြည်မြို့နယ်နှင့် ကျုံပျော်မြို့နယ်တို့ရှိ ကျေးရွာများ၌ ရေဝင်ရောက်မှုဖြစ်ပွားခဲ့သဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်




နေပြည်တော် ဩဂုတ် ၆


ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာ မြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇူလိုင် ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေ တိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံ နိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ခြင်းကြောင့် ယနေ့အထိ လေးမျက်နှာမြို့ပေါ် ရပ်ကွက် ငါးခု၊ မြို့တွင်းလမ်းမကြီး များနှင့် ပတ်ဝန်းကျင် ကျေးရွာ ၇၂ ရွာ၊ ဟင်္သာတမြို့နယ် ၂၆ ရွာ၊ ရေကြည်မြို့နယ် ခြောက်ရွာနှင့် ကျုံပျော်မြို့နယ် နှစ်ရွာ စုစုပေါင်း ၁၀၆ ရွာသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားလျက်ရှိသည်။


ထိုသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သဖြင့် ရေဘေးကယ်ဆယ်ရေးစခန်းများကို လေးမျက်နှာ မြို့နယ်တွင် ၁၃ ခု၊ ဟင်္သာတမြို့နယ် တွင် သုံးခု ၊ ရေကြည်မြို့နယ်တွင် ငါးခုနှင့် ကျုံပျော်မြို့တွင် တစ်ခု ဖွင့်လှစ်ကာ အနောက်တောင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံ တိုင်းရင်းသားများက စုပေါင်း၍ ရေဘေးသင့်ပြည်သူများအား ရှာဖွေ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ပစ္စည်းများအား ဘေးလွတ်ရာသို့ ကူညီ ရွှေ့ပြောင်းခြင်းများ၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်းနှင့် လိုအပ်သောကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး မြစ်ရေ တိုက်စားပြိုကျမှုမှ ကာကွယ်ရန် တာခြေထောက်ခြင်းအဖြစ် ကမ်းထိန်းအိတ်များချခြင်း၊ ရေရှိန်တား ပြုလုပ်ခြင်း၊ ရေကာတာ တာပေါင် မြေဖို့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.