ဖလမ်းမြို့အတွင်း ရုံးသုံးဆိုလာလျှပ်စစ်မီး တပ်ဆင်အသုံးပြုမှုနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး


ဖလမ်း ဩဂုတ် ၁၇


ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေး ကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့်  ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ  စီမံ ခန့်ခွဲမှုရန်ပုံငွေဖြင့် ဖလမ်းခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ရုံးလုပ်ငန်းဆောင်ရွက်ရန် ဦးစား ပေးအလိုက် ဆိုလာလျှပ်စစ်မီးများ တပ်ဆင်ပေးလျက်ရှိကြောင်း၊ ဖလမ်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့နယ်ပညာရေးမှူးရုံးတွင် 6KV Watt ဆိုလာလျှပ်စစ်မီးတပ်ဆင်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


 6KV Watt ဆိုလာလျှပ်စစ်မီး တပ်ဆင်ခြင်းဖြင့် ရုံးသုံး Computer နှင့် Printer ငါးစုံ၊ ၂၀ ဝပ် အားသုံး လျှပ်စစ်မီးလုံး ၂၀ အပါအဝင် အခြားလျှပ်စစ်ပစ္စည်း ၁၀၀၀ ဝပ် ပမာဏခန့် သုံးစွဲနိုင်မည်ဖြစ်ပြီး ထိုသို့ ရုံးသုံးဆိုလာလျှပ်စစ်မီး တပ်ဆင်အသုံးပြုမှုနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်း ဆောင်ရွက်နေမှုများကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်စွာဦးက ကြည့်ရှု စစ်ဆေးသည်။


ဆက်လက်၍ မြို့တော်ခန်းမ၌ ခရိုင်နှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာဝန်ထမ်း ၂၄၀ အား ကိုဗစ် ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးသွားသည့် ခရိုင်သစ်တော ဦးစီးဌာန ဦးစီးအရာရှိရုံး အမှတ် (၂)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းဆောင်များကို မူလပုံသဏ္ဌာန်မပျက် ထိန်းသိမ်း ပြုပြင်ရန် မှာကြားသည်။


အလားတူ တီးတိန်မြို့ ပြန်လည် ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦး သည် တီးတိန်မြို့နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် တီးတိန်မြို့မရဲစခန်း စခန်းရုံးသစ် အဆောက်အအုံ၊ တီးတိန်မြို့ ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံ၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း စားရိပ်သာနှင့် သင်တန်းသူ နှစ်ထပ်အိပ်ဆောင်၊ မြေထိန်းနံရံ ဆေးသုတ်ခြင်း လုပ်ငန်းနှင့် စည်ပင်သာယာရေး အဖွဲ့က တီးတိန်-ငင် နှုန်းသွားလမ်း တစ်လျှောက် သန့်ရှင်းရေးပြုလုပ် နေမှုများကို ကြည့်ရှုစစ်ဆေးသည်။


ထို့ပြင် တွန်းဇံမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေး ကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ ဝင်များသည် တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည့် ဌာနဆိုင်ရာ အဆောက်အအုံများ ဖြစ်သည့် ရုပ်သံထပ်ဆင့်လွှင့်ရုံ နှစ်ခန်းတွဲ ဝန်ထမ်းအိမ်ရာပြုပြင်ခြင်း၊ လူငယ်သင်တန်းကျောင်း ကျောင်းသား အိပ်ဆောင်၊ စတိုဆောင်နှင့် ထမင်းစားဆောင် ပြုပြင်ခြင်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.