ကျွန်းလှမြို့နယ်၌ မိုးစပါး ဧက ၃၀၀၀၀ ကျော်စိုက်ပျိုးပြီးစီး
ကျွန်းလှ ဩဂုတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ သီနှံမျိုးစုံကို နွေ၊ မိုး၊ ဆောင်း စိုက်ပျိုး ထုတ်လုပ်ကြရာ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါး ဧက ၃၀၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ကျွန်းလှမြို့နယ်မှာ ဒီနှစ် တစ်မြို့နယ်လုံး မိုးစပါးစိုက်ပျိုးဖို့ ၃၅၆၉၆ ဧက လျာထားပြီး ယနေ့အထိ ၃၁၉၄၀ ဧက စိုက်ပျိုးပြီးဖြစ်ပါတယ်။ စိုက်ပျိုးရာမှာ ဇွန်လဆန်းက စတင်ပြီး ချောင်းရေ၊ မြောင်းရေနဲ့ မြေအောက်ရေတင်ပြီး ပျိုးထောင်စိုက်ပျိုးကြပါတယ်။ အခုအခါ နောက်မိုးရွာသွန်း၍ တောင်သူတွေ ဆက်လက်စိုက်ပျိုးနေကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်းမျိုးသန့်များ ဖြန်းဖြူးပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေး ကွင်းသရုပ်ပြပွဲများ ပြုလုပ်ခြင်း၊ သမန်းနှိုးပေါင်းထိုး ပညာပေးခြင်း၊ ပိုးပွှားကျကောက်မှုကင်းစင်ရေး အသိပညာပေးလျက်ရှိသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဒေသရာသီဥတုနှင့် ကိုက်ညီသည့် အထွက်နှုန်းကောင်း ဧရာမင်း၊ မနောသုခ၊ ဆင်းသုခ၊ ရွှေသွယ်ရင်၊ ချမ်းမြေ့မေနှင့် အောင်နိုင်တိုးစပါးမျိုးများ စိုက်ပျိုးကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ

No comments