နီပေါနိုင်ငံ၌ ရုတ်တရက်ရေကြီးရေလျှံမှုများဖြစ်ပွားပြီးနောက် ၅၅ နာရီအကြာတွင် အသက်ခြောက်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ကယ်ဆယ်နိုင်ခဲ့

 


ခတ္တမန္တူ  ဩဂုတ်  ၃၀

နီပေါနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်စပ်တစ်လျှောက် ရုတ်တရက်ရေကြီးရေလျှံမှုများဖြစ်ပွားပြီးနောက် ပျောက်ဆုံး နေသူများကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ  ဆက်လက်လုပ်ဆောင်နေစဉ်အတွင်း နီပေါရဲတပ်ဖွဲ့က အသက် ခြောက်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အပျက်အစီးပုံများကြားမှ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

ပြောကြား

ရွှံ့နွံစီးဆင်းမှုဒဏ် ခံခဲ့ရသည့် နီပေါ-တရုတ် နယ်စပ်ဖြတ်ကျော်ဂိတ်မှ   ရေစီးကြောင်းအတိုင်း  ၃ ကီလိုမီတာခန့်အကွာရှိ မြို့တစ်မြို့တွင် အဆိုပါ မိန်းကလေးငယ်ကို တွေ့ရှိခဲ့ကြောင်း နီပေါရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဘေးအန္တရာယ်ဖြစ်ပွားပြီး ၅၅ နာရီကျော်အကြာတွင် မိန်းကလေးငယ်၏ အော်ဟစ်အကူအညီတောင်းသံကို ကြားသိရ ပြီးနောက် ၎င်းတို့တပ်ဖွဲ့ဝင်များက   ကယ်ဆယ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးသမားများက ရွှံ့နွံများဖုံးလွှမ်းနေသော အပျက်အစီးများကြားမှ မိန်းကလေးငယ်ကို မြင်တွေ့ခဲ့ရကြောင်း   နီပေါရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

၎င်းအား ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ပြီး အစားအစာများ  ကျွေးမွေးခဲ့ကြောင်း  သိရသည်။

မိန်းကလေးငယ်၏ မျက်နှာနှင့် ကျောတို့တွင် ဒဏ်ရာများရရှိထားသော်လည်း အသက်အန္တရာယ်စိုးရိမ်ရသည့်   အခြေအနေမျိုးမဟုတ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ လက်ရှိတွင် အဆိုပါမိန်းကလေးငယ်ကို မြို့တော် ခတ္တမန္ဒူ ရှိ ဆေးရုံတစ်ရုံ၌ ကုသမှုပေးလျက်ရှိကြောင်းလည်း ၎င်းတို့က   ထပ်လောင်းပြောကြားသည်။

လမ်းများ ရေစီးနှင့်အတူပါသွားခဲ့သဖြင့် ရဟတ်ယာဉ်ဖြင့်သာ သွားလာနိုင်သောနေရာတစ်ခုတွင် အဆိုပါကယ်ဆယ်ရေးလုပ်ငန်းကို လုပ်ဆောင်ခဲ့ရကြောင်း နီပေါရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ    နီထရာကာကီက ပြောကြားခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့်    ရှာဖွေရေးလုပ်ငန်းများ အခက်အခဲရှိခဲ့ကြောင်းနှင့် မိန်းကလေးငယ်ကို ကယ်ဆယ်နိုင်ခဲ့ခြင်းမှာ အံ့ဖွယ်ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်

No comments

Powered by Blogger.