မလေးရှားနိုင်ငံ၌ ပူပြင်းခြောက်သွေ့သောရာသီဥတုဆက်လက်ဖြစ်ပေါ်လျက်ရှိကာ တောမီးလောင်ကျွမ်းမှု အန္တရာယ်နှင့် ဖုန်မှုန့်များကြောင့် လေထုအရည်အသွေး ညံ့ဖျင်းလာ
ဩဂုတ် ၁၀
မလေးရှားနိုင်ငံ ဘော်နီယိုပြည်နယ်မြောက်ပိုင်းရှိ ဒေသအများအပြားတွင် ပူပြင်းခြောက်သွေ့သော ရာသီဥတု ဆက်လက်ဖြစ်ပေါ်လျက်ရှိကာ လေထုအရည်အသွေး ညံ့ဖျင်းလာကြောင်း မိုးလေဝသဌာနက ပြောကြားခဲ့သည်။
တောင်ဘက်မှတိုက်ခတ်လာမည့်လေများနှင့် အိမ်နီးချင်းနိုင်ငံများတွင် မီးလောင်ကျွမ်းရာနေရာ အရေအတွက် များပြားနိုင်ခြင်းတို့ပေါင်းစပ်လာပါက နယ်စပ်ဖြတ်ကျော် မီးခိုးမြူဖြစ်ပေါ်စေနိုင်ပြီး အထူးသဖြင့် ဆာရာဝပ်တောင်ပိုင်းတွင် မြင်ကွင်းအကွာအဝေး လျော့နည်းနိုင်ကြောင်း ယမန်နေ့က ထုတ်ပြန်ချက်၌ ထိုဌာနက ပြောကြားခဲ့သည်။
လေထုညစ်ညမ်းမှု အညွှန်းကိန်း စီမံခန့်ခွဲမှုစနစ်အချက်အလက်များအရ ဆာရာဝပ်ပြည်နယ်ရှိ ဒေသ သုံးခုဖြစ်သော မီရီတွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း (API) ၁၁၉၊ ဆာရီကေးတွင် ၁၅၂ နှင့် ဆရီအာမန်တွင် ၁၅၄ အသီးသီးရှိခဲ့ပြီး မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် မသင့်လျော်သော လေထုအခြေအနေအဖြစ် စံချိန်တင်ခဲ့သည်။ ယင်းအရေအတွက်သည် နံနက်ပိုင်းက ဒေသ ငါးခု ရှိခဲ့ရာမှ လျော့ကျလာခြင်းဖြစ်သည်ဟု သိရသည်။
ထို့အပြင် မလေးရှားကျွန်းဆွယ်ရှိ ဆီလန်ဂေါပြည်နယ်မှ ဒေသတစ်ခုတွင်လည်း API ၁၅၃ ဖြင့် ကျန်းမာရေးနှင့် မသင့်လျော်သောအဆင့်စံချိန်တင်ခဲ့သည်။
နိုင်ငံ၏ လေထုအရည်အသွေး အဆင့်သတ်မှတ်ချက်အရ API သုညမှ ၅၀ အထိသည် ကောင်းမွန်သည်၊ ၅၁ မှ ၁၀၀ အထိသည် အလယ်အလတ်၊ ၁၀၁ မှ ၂၀၀ အထိသည် ကျန်းမာရေးနှင့် မညီညွတ်၊ ၂၀၁ မှ ၃၀၀ အထိသည် ကျန်းမာရေးအတွက် အလွန်မသင့်လျော်နှင့် ၃၀၁နှင့်အထက်သည် အန္တရာယ်ရှိကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments