တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး(သတ္တမနေ့) ကျင်းပ



ထားဝယ် ဩဂုတ် ၂၇


တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေး (သတ္တမနေ့)ကို  ယနေ့နံနက်  ၁၀ နာရီတွင်  ထားဝယ်မြို့ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း ၁၁ ခု ကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားကြသည်။


ဆက်လက်၍ သရက်ချောင်းမြို့နယ် ကိုယ်စားလှယ်အမှတ်(၂) ဦးအောင်အောင်က “တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ သုံးစွဲ နေမှု၏ အကျိုးဆက်ကြောင့် လူငယ်လူရွယ်များ၏ အကျင့်စာရိတ္တပျက်ယွင်းခြင်း၊ စိတ်ကျန်းမာရေး ပျက်ပြားခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်နေကြသောကြောင့် တိုင်းဒေသကြီးအစိုးရ တစ်ရပ်အနေဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဖြန့်ဖြူးရောင်းချ နေသူများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးရန်နှင့် မူးယစ်ဆေးဝါးစွဲလမ်းနေကြသော လူငယ်လူရွယ်များကို ကုသမှုများ ဆောင်ရွက်ပေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးရန် လိုအပ်နေပြီ ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အားတိုက်တွန်းကြောင်း” အဆိုကို လွှတ်တော်သို့ တင်သွင်းခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး က ထောက်ခံခြင်း၊ ယင်းအဆိုနှင့်စပ်လျဉ်း၍ လက်ခံ ဆွေးနွေးရန်သင့်/ မသင့် တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းနှင့် ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းပေးပို့နိုင် ကြောင်းကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။


တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေး (သတ္တမနေ့)ကို နံနက် ၁၁ နာရီတွင် ရပ်နားပြီး တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန် အစည်းအဝေး (အဋ္ဌမနေ့)ကို ဩဂုတ် ၂၈ ရက် မွန်းလွဲ ၁ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.