ပြည်ပပို့ကုန် သကြားထုတ်လုပ်သည့် ချက်ကြံ ၃၄၃၆ ဧကနှင့် စားကြံ ၅၁၁ ဧက စိုက်ပျိုးထား
ရန်ကုန် ဩဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီးအတွင်း
ပြည်ပပို့ကုန် သကြားထုတ်လုပ်သည့် ချက်ကြံ ၃၄၃၆ ဧကနှင့် စားကြံ ၅၁၁ ဧကကို လျာထားဧကထက်ကျော်လွန်၍
စိုက်ပျိုးထားကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ချက်ကြံကို တိုက်ကြီးမြို့နယ်အတွင်းရှိ
ဂုံညင်းတန်း၊ ကျွဲဘုတ်၊ မာဂရီ၊ ချင်းကုန်း၊ ဥက္ကံ မျိုးပွားခြံတို့တွင် စိုက်ပျိုးကြပြီး
နိုင်ငံခြားမျိုးများဖြစ်သည့် K95/84၊ KK-3၊ K2000/89 မျိုးစိတ်များနှင့် စိုက်ပျိုးရေးသုတေသနမှ
ထုတ်လုပ်သည့် Dar-4 အထွက်ကောင်းချက်ကြံမျိုးစိတ်တို့ကို မိုးသီးနှံအဖြစ် စိုက်ပျိုးထားကာ
ယမန်နှစ်နိုဝင်ဘာလက စိုက်ပျိုးခဲ့သည့် ကြံခင်းများကို အောက်တိုဘာလကုန်ပိုင်းတွင် စတင်၍
ရိတ်သိမ်းမည်ဖြစ်သည်။
ထို့အတူ လှည်းကူးမြို့နယ်အတွင်း
စားကြံကို စိုက်ပျိုးမှုများကြောင်း သိရသည်။ “မြန်မာနိုင်ငံမှာ စိုက်ပျိုးတဲ့ကြံကနေ
တင်လဲရည်ကို ပြည်တွင်းမှာအသုံးပြုပြီး သကြားကို ပြည်ပပို့တာဖြစ်တဲ့အတွက် နိုင်ငံခြားဝင်ငွေ
ရပါတယ်။ တောင်သူတွေအတွက်လည်း ဈေးကောင်းရတဲ့ သီးနှံဖြစ်တာကြောင့် အကျိုးအမြတ်လည်းရှိနေပါတယ်”
ဟု ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမြင့်က
ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၆-၂၀၂၇ ခုနှစ်တွင် တိုင်းဒေသကြီးအတွင်း ချက်ကြံ ၃၃၈၁
ဧကနှင့် စားကြံ ၅၀၇ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်ခဲ့ပြီး ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းက
ချက်ကြံ ၃၄၃၆ ဧကနှင့် စားကြံ ၅၁၁ ဧကကို လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့သည်။
စားကြံကို ရန်ကုန်မြို့တွင်
ကြံရည်အဖြစ် ဆောင်းရာသီတွင် ရောင်းချလေ့ရှိပြီး ချက်ကြံကို တင်လဲရည်ထုတ်လုပ်၍ အဖျော်ယမကာနှင့်
အခြားစားသောက်ကုန်ထုတ်လုပ်ရာတွင် အသုံးပြုကာ ချက်ကြံရည်ကို ကြိုချက်ရာမှ သကြားထုတ်လုပ်မှုဖြင့်
ပြည်တွင်းသုံးစွဲမှုအပြင် ပြည်ပသို့ တင်ပို့လျက်ရှိပြီး တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကို
ပြည်ပပို့ကုန်အဖြစ် တင်ပို့ကြောင်း သိရသည်။
သစ္စာ(MNA)
ဓာတ်ပုံ - ဇွဲမာန်

No comments