ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်မှုကို နေ့ဆိုင်း၊ ညဆိုင်းဖြင့် ပိတ်ဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
ပုသိမ် ဩဂုတ် ၁၂
ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်မှုကို ပို့ဆောင်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းပြီး နေ့ဆိုင်း၊ ညဆိုင်းဖြင့် ပိတ်ဖို့ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ယနေ့နံနက်ပိုင်းတွင် လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
အဆိုပါရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံစဉ် ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ပြီး ပြည်သူများ၏ တင်ပြမှုများကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။
ထို့အပြင် လေးမျက်နှာမြို့နယ် ဘိသလွန် ကျေးရွာ လောကချမ်းသာ ဘုရားကြီးကျောင်းတိုက်ရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားကာ ဆန်ရိက္ခာနှင့် ထောက်ပံ့ ပစ္စည်းများပေးအပ်ပြီး ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများက မြွေအန္တရာယ်၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ ဝမ်းပျက် ဝမ်းလျှောရောဂါများ မဖြစ်ပွားစေရေးနှင့် ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးမှု၊ စားသုံးသူရေးရာဦးစီးဌာနက စားဆီများ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးနေမှုကို ကြည့်ရှု အားပေးသည်။
ယင်းအပြင် အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျကာ ရေကျော်စီးဝင်သည့် ငဝန်တာနေရာကို တပ်မတော်သားများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများ စုပေါင်း၍ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှု၊ မျောတုတ်တန်း၏ အပြင်ဘက်ခြမ်း ပိုမိုတောင့်တင်းခိုင်မာစေရေးအတွက် နိုင်လွန်ပိုက်ကြိုးဖြင့် စုစည်းထုပ်ပိုးထားသည့် သဲအိတ်များဖြည့်သွင်း၍ ကာကွယ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ Steel Sheet Pile ရိုက်သည့် စက်ရေယာဉ်တွဲများဖြင့် Pile ရိုက်ခြင်းလုပ်ငန်းဆောင် ရွက်နေမှု၊ ပန်းတာရေဝင်လမ်း ပိတ်ဆို့ကာကွယ်ရန် Geo-bags ချသည့် ရေယာဉ်များနှင့် သဲယာဉ်များ၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေယာဉ်ငယ်များ၊ သဲစက်လှေတွဲများဖြင့် လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


No comments