၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ လပတ်အတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်



ဘင်္ဂလားပင်လယ်အော်အခြေအနေ

 

၁။ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၃) ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၂) ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ အနောက်တောင်မုတ်သုံလေသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ လည်းကောင်း၊ စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှလည်းကောင်း၊ စက်တင်ဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ် ဒေသများမှလည်းကောင်း ဆုတ်ခွာသွားဖွယ်ရာရှိပါသည်။ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအသင့်အတင့် ရှိနိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။

 

မိုးအခြေအနေနှင့် မိုးရွာရက်

 

၂။ မိုးရွာသွန်းမှုအ‌ခြေအနေမှာ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

 

၃။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ၂၁ ရက်မှ ၂၅ ရက်ခန့်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ၁၆ ရက်မှ ၂၀ ရက်ခန့်နှင့် မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ၁၁ ရက်မှ ၁၅ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

 

မြစ်ရေအခြေအနေ

 

၄။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအတွင်း ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၁) ကြိမ်ခန့်စီ၊ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် (၁) ကြိမ်ခန့်စီ၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် (၁) ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် (၁) ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် (၁) ကြိမ်ခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် (၁) ကြိမ်ခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၁) ကြိမ်ခန့်၊ သောင်ရင်း မြစ်ရေသည် မြဝတီမြို့တွင် (၁) ကြိမ်ခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့နှင့် သာပေါင်းမြို့တို့တွင် (၁) ကြိမ်ခန့်စီ၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၁) ကြိမ်ခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် (၁) ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။

 

Crd> မိုး/ဇလ

No comments

Powered by Blogger.