အမရပူရမြို့နယ်အတွင်းမှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်
မန္တလေး ဩဂုတ် ၁၁
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ
ကျေးရွာပေါင်း ၁၄ ရွာတွင် ဒုဋ္ဌဝတီမြစ်ရေဝင်ရောက်မှုကြောင့် အဆိုပါကျေးရွာများမှ အိမ်ထောင်စုများကို
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့်
ဒေသခံပြည်သူများ စုပေါင်း၍ ရေလွတ်ရာနေရာများသို့ ယာယီပြောင်းရွှေ့ နေထိုင်နိုင်ရန်
ကူညီဆောင်ရွက် ပေးခဲ့ကြသည်။
ဒုဋ္ဌဝတီမြစ်ရေ ဝင်ရောက်မှုကြောင့်
အမရပူရမြို့နယ်အတွင်းရှိ တောင်ကိုင်းကျေးရွာအုပ်စု၊ ကင်းဘက်ကျေးရွာအုပ်စု၊ တလင်းကြီးကျေးရွာအုပ်စု၊
နတ်ရေကန်ကျေးရွာအုပ်စု၊ ဆေးအိုးဘိုကျေးရွာ အုပ်စု၊ ဥယျာဉ်တော်ကျေးရွာ အုပ်စု၊ ဘုန်းတော်နိုင်ငံကျေးရွာ
အုပ်စု၊ ဖရဲကျွန်းကျေးရွာအုပ်စု၊ ရွှေကြက်ယက်ကျေးရွာအုပ်စုတို့မှ ကျေးရွာပေါင်း ၁၄
ရွာအတွင်း မြစ်ရေဝင်ရောက်ခဲ့ပြီး အိမ်ခြေ ၅၆၂ အိမ်၊ အိမ်ထောင်စု ၅၇၄ စု၊ လူဦးရေ ၁၉၈၇
ဦး ရေဘေးသင့်ခဲ့ကာ စိုက်ပျိုးမြေ ဧရိယာစုစုပေါင်း ၄၄ ဧက ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည်။
ယနေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ ရေဘေးသင့် ပြည်သူများအား
တောင်ကိုင်း ကျေးရွာအုပ်စု မြအင်းကျေးရွာရှိ မြရိပ်စိုဓမ္မာရုံတွင် သွားရောက်တွေ့ဆုံအားပေးပြီး
ရေဘေးသင့် ပြည်သူများထံ ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်ကြသည်။
ထို့ပြင် မြစ်ရေဝင် ရောက်ခဲ့သည့် ကျေးရွာအုပ်စုများအတွင်း
ရေပြန်လည် ကျဆင်းနေမှု အခြေအနေ၊ ရန်ကုန် - မန္တလေး ကားလမ်းရှိ မြစ်ငယ်တံတား ကြံ့ခိုင်မှု
အခြေအနေကိုလည်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments