ကမ္ဘာ့အထည်အလိပ်လောကကို ပြောင်းလဲခဲ့သော အီဂျစ်ဝါဂွမ်း
ကိုပြည်
အီဂျစ်ဝါဂွမ်းဟူသော
နာမည်ကိုကြားရုံဖြင့် ဇိမ်ကျပြီး ဈေးကြီးကာ ဒဏ္ဍာရီဆန်ဆန်ဖြစ်နေသည်ဟု
ခံစားရတတ်ပါသည်။ ဟိုတယ်များက ယင်းကိုကြော်ငြာ တတ်ကြပြီး အိပ်ရာခင်းအမှတ်တံဆိပ်များ
ကလည်း သူတို့၏တံဆိပ်များတွင် ရိုက်နှိပ်ကြပါသည်။
ဝယ်ယူသူများကလည်း
ယင်းကိုကမ္ဘာပေါ်တွင် အရည်အသွေးအကောင်းဆုံး အထည်အလိပ်ဟု အလိုအလျောက်
မှတ်ယူလေ့ရှိကြသည်။ သို့သော် အီဂျစ်ဝါဂွမ်းဆိုသည်မှာ တကယ်တမ်းတွင် သာမန်
ဝါဂွမ်းများထက် ပိုကောင်းသလားဆိုသည်ကို မေးခွန်းထုတ်စရာရှိလာပါသည်။ ယင်းသည် အမှန်
တကယ် အကောင်းဆုံးလား သို့မဟုတ် အောင်မြင် သော စျေးကွက်ရှာဖွေရေးဗျူဟာသက်သက်လား
ဆိုသည်ကို လေ့လာရပါမည်။ အမှန်တကယ်တော့ အီဂျစ်ဝါဂွမ်းတွင်
ကမ္ဘာ့အထည်အလိပ်လုပ်ငန်းကို ထာဝရပြောင်းလဲသွားစေလောက်အောင် အထူးကောင်းမွန်သည့်
အမျှင်များနှင့် စိတ်ဝင်စားဖွယ် သမိုင်းကြောင်းရှိပါသည်။
သမိုင်းကြောင်း၏အစနှင့် ဖွံ့ဖြိုးတိုးတက်လာမှု
အီဂျစ်ဝါဂွမ်း၏ဇာတ်လမ်းသည်
လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်က အီဂျစ်နိုင်ငံရှိ မြေဆီဩဇာ ကောင်းမွန်သော
နိုင်းမြစ်ကမ်းပါးများတွင် စတင်ခဲ့သည်။ ဝါဂွမ်းသည် ယဉ်ကျေးမှုအမျိုးမျိုးတွင်
နှစ်ထောင်ပေါင်းများစွာ တည်ရှိခဲ့သော်လည်း ယနေ့ကျွန်ုပ်တို့သိကြသော
အီဂျစ်ဝါဂွမ်းမှာ ၁၉ ရာစု အစောပိုင်းမှ ပေါ်ထွက်လာခြင်းဖြစ်သည်။ ၁၈၀၅ ခုနှစ်တွင်
အုပ်ချုပ်သူ မူဟာမက်အလီ၏ အမြော် အမြင်ဖြင့် စိုက်ပျိုးရေးကို ခေတ်မီအောင်လုပ်ကာ
အလျားရှည်ဝါမျိုးကွဲများကို တင်သွင်းခဲ့သည်။
၁၈၂၀
ပြည့်နှစ်ဝန်းကျင်တွင် Louis Alexis Jumel အမည်ရှိ
ပြင်သစ်အင်ဂျင်နီယာတစ်ဦးက အီဂျစ်တွင် ပေါက်ရောက်နေသော ထူးခြားသည့်ဝါပင် ကို
ရှာဖွေတွေ့ရှိခဲ့ပါသည်။ နွေးထွေးသောရာသီဥတု နှင့် နိုင်းမြစ်ရေကြီးမှုမှရသော
မြေဆီလွှာတို့က ဤဝါဂွမ်းမျိုးကွဲကို အကောင်းဆုံးရှင်သန်ကြီးထွားစေခဲ့ ပါသည်။
မူဟာမက်အလီက ဝါကို စီးပွားရေး လက်နက်တစ်ခုအဖြစ် ပြောင်းလဲခဲ့ပြီး တိုးတက်လာမည့်
အထည်အလိပ်စီးပွားရေးအတွက် အုတ်မြစ်ချပေးခဲ့ပါသည်။
၁၈၂၀
ပြည့်လွန်နှစ်များသို့ ရောက်သောအခါ အီဂျစ်ဝါဂွမ်းသည် ကမ္ဘာ့စင်မြင့်ပေါ်တွင် စတင်၍
နေရာယူလာနိုင်ခဲ့ပါသည်။ ယင်း၏ အလွန်ရှည်လျား သော အမျှင်များနှင့်
နူးညံ့မှုတို့ကြောင့် ဥရောပ တစ်ဝန်းရှိ တော်ဝင်မိသားစုများအတွက် ရွေးချယ်
စရာဖြစ်လာခဲ့သည်။ ထို့ကြောင့် မူဟာမက်အလီက ဝါဂွမ်းစိုက်ပျိုးမှုကို နိုင်ငံတစ်ဝန်း
အကြီးအကျယ် တိုးချဲ့လုပ်ဆောင်ခဲ့သည်။ အထူးသဖြင့် ၁၈၆၀ ပြည့် လွန်နှစ်များတွင်
အမေရိကန်ပြည်တွင်းစစ်ကြောင့် ဝါထောက်ပံ့မှုပြတ်တောက်ချိန်၌ ဝါဈေးကွက် အကြီးအကျယ် ထွန်းကားလာခဲ့ပါသည်။
ဥရောပရှိ အထည်အလိပ်စက်ရုံများက အရည်အသွေးမြင့် ဝါကို လိုအပ်နေချိန်တွင် အီဂျစ်က
ဝင်ရောက်ဖြည့်ဆည်းပေးခဲ့သည်။ ဝယ်လိုအား အဆမတန် မြင့်တက်လာကာ
နိုင်ငံတကာလွှမ်းမိုးမှုခေတ်ကို မှတ်တမ်းတင်နိုင်ခဲ့ပြီး အီဂျစ်ဝါသည်လည်း ကမ္ဘာ
တစ်ဝန်း နာမည်ကောင်းရလာခဲ့ပါသည်။
သာမန်ဝါဂွမ်းနှင့် ကွာခြားစေသည့် အဓိကအချက်များ
အီဂျစ်ဝါဂွမ်းကို
သာမန်ဝါဂွမ်းနှင့် အဓိကကွာခြားစေသောအရာမှာ အမျှင်များပင်ဖြစ်ပါသည်။
ဝါဂွမ်းအမျှင်များကို အရှည်ဖြင့် တိုင်းတာလေ့ရှိပြီး အီဂျစ်ဝါဂွမ်းက
အလွန်ရှည်လျားသောအမျှင်များကို ထုတ်လုပ်ပေးနိုင်ပါသည်။ ဤအမျှင်များသည်
ပုံမှန်ဝါပင်များတွင် တွေ့ရလေ့ရှိသော အမျှင်များ ထက် အများကြီး
ပိုမိုရှည်လျားကြသည်။ အဆိုပါပိုရှည်သောအမျှင်များကို ပိုမိုနုပြီးခိုင်ခံ့သော
ချည်မျှင်များအဖြစ် ဗိုင်းငင်နိုင်သောကြောင့် ချောမွေ့ နူးညံ့သောအထည်များကို
ဖန်တီးပေးနိုင်ပါသည်။
အပြင်သို့ထွက်နေသော
လျော့ရဲရဲအမျှင်စွန်းများ နည်းပါးသဖြင့် အချိန်ကြာလာသည်နှင့်အမျှ အထည် ဖွာခြင်းနှင့်
အလုံးလေးများဖြစ်ခြင်းတို့ အလွန်နည်းပါးပါသည်။ လူအများစု ဇိမ်ခံဟိုတယ် အိပ်ရာခင်း များနှင့်
ဆက်စပ်တွေးလေ့ရှိသည့် ပိုးသားလိုအေးမြသော ခံစားမှုမျိုးက အလွန် ရှည်လျားသောအမျှင်များမှ
လာခြင်းဖြစ်သည်။
ဝါအရည်အသွေးကို
ကောင်းမွန်စေသော နောက်ထပ်အဓိကအချက်တစ်ခုမှာ ဝါသီးနှံစိုက်ပျိုးသည့်
ပတ်ဝန်းကျင်အခြေအနေပင်ဖြစ်သည်။ နိုင်းမြစ်ဝကျွန်းပေါ်ဒေသသည် ပရီမီယံဝါများ
စိုက်ပျိုးရန် အတွက် ပြီးပြည့်စုံလုနီးပါးဖြစ်သော အခြေအနေများကို အပြည့်အဝ
ပံ့ပိုးပေးထားသည်။ ထိုဒေသသည် နေရောင်ခြည်အလုံအလောက်ရရှိ သည့်အပြင်
နွေးထွေးသောအပူချိန်များကိုလည်း ပုံမှန်ရရှိနေသော နေရာတစ်ခုဖြစ်သည်။ ထို့အပြင်
နိုင်းမြစ်၏ ရာသီအလိုက် ရေကြီးမှုများမှ သမိုင်းစဉ်ဆက် ဖြည့်တင်းပေးထားသော မြေဆီဩဇာကြွယ်ဝသည့်
မြေဆီလွှာကိုလည်း ရရှိထားသည်။ ဤအခြေအနေ များက ဝါပင်ကို ဖြည်းဖြည်း
ချင်းကြီးထွားစေပြီး ပိုမိုခိုင်ခံ့ကာ သေးငယ်နုနယ် သောအမျှင်များကို
ဖြစ်ပေါ်လာစေသည်။ ရာသီဥတု နှင့် စိုက်ပျိုးမှုဓလေ့ထုံးတမ်းတို့၏ ဤသို့ ပေါင်းစပ်မှုကို
တခြားနေရာများတွင် အတုယူလုပ်ဆောင်ရန် ခက်ခဲကြောင်း အထည်အလိပ် ပညာရှင်များက ယုံကြည်ကြသည်။
ဂုဏ်သတင်းကို ကာကွယ်ခြင်းနှင့် စက်မှုလုပ်ငန်း တိုးတက်လာမှု
ဤကဲ့သို့
တန်ဖိုးကြီးမားလှသော အီဂျစ်ဝါဂွမ်း၏ ဂုဏ်သတင်းကိုကာကွယ်ရန် ၁၉၀၉ ခုနှစ်တွင် Alcatexa ကို ဖွဲ့စည်းခဲ့သည်။ အလက်ဇန္ဒရီးယား
ဝါဂွမ်းပို့ကုန်လုပ်ငန်းရှင်များအသင်းက ကုန်သွယ်မှု ကို စည်းမျဉ်းသတ်မှတ်ရန်နှင့်
အရည်အသွေး စံချိန် စံညွှန်းများကိုထိန်းသိမ်းရန် ပေါ်ပေါက်လာခြင်းဖြစ် သည်။ ၎င်းက
လေလံပွဲများနှင့် ပို့ကုန်များကို စီမံခန့်ခွဲ ပေးပြီး အီဂျစ်ဝါဂွမ်း၏
ပရီမီယံအဆင့်အတန်းကို ဆက်လက်ထိန်းသိမ်းနိုင်ရန် ဆောင်ရွက်ခဲ့သည်။
၁၉၅၂ ခုနှစ် အီဂျစ်တော်လှန်ရေးအပြီးတွင်
ဝါစက်မှုလုပ်ငန်းကို နိုင်ငံပိုင်အဖြစ် အပြည့်အဝ ပြောင်းလဲခဲ့သည်။ ဝါကို နိုင်ငံ၏
စီးပွားရေးအသက် သွေးကြောအဖြစ် အသိအမှတ်ပြုကာ စိုက်ပျိုးမှုနှင့်
ကုန်သွယ်မှုတို့ကို နိုင်ငံတော်က တိုက်ရိုက်ထိန်းချုပ် ခဲ့သည်။ ဤလုပ်ဆောင်မှုမှာ
တောင်သူ လယ်သမားများကို ကာကွယ်ပေးရန်နှင့် အဖိုးတန်သီးနှံမှရသော
အမြတ်အစွန်းများကို တရားမျှတစွာ ခွဲဝေရရှိစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
၁၉၇၀
ပြည့်လွန်နှစ်များသို့ ရောက်ရှိလာသော အခါတွင် အီဂျစ်နိုင်ငံ၌ ဝါစက်မှုလုပ်ငန်းများအကြီး
အကျယ် တိုးတက်လာခဲ့သည်။ မဟာလာအယ်လ် ကူဘရာနှင့် နိုင်းမြစ်ဝကျွန်းပေါ် ဒေသတစ်ဝန်း (Mahala
Elcubra and across Nile Delta) တို့တွင်
အများပြည်သူပိုင် ချည်ငင်နှင့် ရက်ကန်းစက်ရုံကြီးများကို တည်ထောင်ခဲ့ကြသည်။
ထိုစက်ရုံကြီးများက အီဂျစ်ဝါကြမ်းများကို
အသုံးပြုကာ အရည်အသွေး အလွန်မြင့်မားသော အထည်အလိပ်များ အဖြစ်သို့ ပြောင်းလဲထုတ်လုပ်ပေးခဲ့သည်။
ဤသို့ ပြည်တွင်း၌ပင် အချောထည်များ ထုတ်လုပ်နိုင်ခြင်းက အီဂျစ်နိုင်ငံ၏
ပြည်တွင်းစီးပွားရေးကို များစွာအားကောင်းလာစေခဲ့သည်။ ထို့အပြင် နိုင်ငံအတွင်းရှိ
လူသောင်းနှင့်ချီသော ပြည်သူများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများစွာကို
ဖန်တီးပေးနိုင်ခဲ့ပါသည်။ သို့ဖြစ်၍ ထိုကာလများသည် အီဂျစ်ဝါကဏ္ဍ၏ စက်မှုအင်အားကို
ကမ္ဘာ သို့ချပြနိုင်ခဲ့သော အချိန်ကာလများပင်ဖြစ်ခဲ့သည်။
နှစ်ပေါင်းများစွာကြာမြင့်ပြီးနောက်
၂၀၀၀ ပြည့်လွန်နှစ်များတွင် အီဂျစ်သည် ခေတ်မီစိုက်ပျိုး ရေးနည်းစနစ်များကို
စတင်ကျင့်သုံးလာခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ စံချိန်စံညွှန်းများတိုးတက်
ပြောင်းလဲလာသည်နှင့် အမျှ နိုင်ငံအတွင်း၌ သိပ္ပံနည်းကျ စိုက်ပျိုးရေးစနစ်များကို
ရင်းနှီးမြှုပ်နှံခဲ့ သည်။ ပိုမိုကောင်းမွန်သော ဝါကြိတ်နည်းစနစ်များနှင့်
ပိုမိုရှင်းလင်းတိကျသည့် အမျိုးအစားခွဲခြားမှု စနစ်များကိုလည်း အကောင်အထည်ဖော်
ဆောင်ရွက်ခဲ့ကြသည်။ ဤကဲ့သို့ ကြိုးပမ်းအားထုတ်မှုများ၏ ရလဒ်အနေဖြင့်
ဝါအမျှင်အရည်အသွေးနှင့် အထွက်နှုန်းတို့သည် သိသိသာသာ ပြန်လည်မွေးဖွားလာ ခဲ့ပါသည်။
ထိုအချက်များကြောင့်ပင် အီဂျစ်ဝါဂွမ်း အပေါ်ထားရှိသော နိုင်ငံတကာ၏ ယုံကြည်မှုသည်
လည်း ပြန်လည်မြင့်တက်လာခဲ့သည်။ စစ်မှန်သော အီဂျစ်ဝါဂွမ်း၏ တန်ဖိုးကြီးမားမှုသည်
ယနေ့တိုင်အောင် အခိုင်အမာ ဆက်လက်ရပ်တည်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။
ယနေ့ခေတ် စိန်ခေါ်မှုများနှင့် အတုအပပြဿနာများ
ယနေ့ခေတ်တွင်
အီဂျစ်ဝါဂွမ်းဟူသော အသုံးအနှုန်းနှင့်ပတ်သက်၍ စားသုံးသူများအကြားတွင် ရှုပ်ထွေးမှုများစွာ
ရှိနေပါသေးသည်။ စားသုံးသူ အများအပြားက ထုတ်ကုန်တစ်ခုတွင် ဤတံဆိပ် ပါဝင်နေရုံဖြင့်
အရည်အသွေးပိုကောင်းမည်ဟု အလိုအလျောက် ယူဆတတ်ကြသည်။ သို့သော် မကြာသေးမီ
ဆယ်စုနှစ်များအတွင်း လူကြိုက်များလာမှုကြောင့် မှားယွင်းစွာ တံဆိပ်တပ်မှုများနှင့်
အတုအပထုတ်ကုန်များ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာခဲ့ပါသည်။ အချို့ထုတ်လုပ်သူများက
အီဂျစ်ဝါကို စျေးသက်သာသော ဝါမျိုးကွဲများနှင့် ရောစပ်ကာ ပရီမီယံအဖြစ်
စျေးကွက်တင်ရောင်းချ ခဲ့ကြသည်။ အချို့ဆိုလျှင် စစ်မှန်သော အီဂျစ် ဝါဂွမ်းမျှင်
နည်းနည်းလေးသာ ပါဝင်သည့် သို့မဟုတ် လုံးဝမပါဝင်သည့် ပစ္စည်းများတွင်ပင် ဤနာမည်ကို
အသုံးပြုလာကြပါသည်။ စုံစမ်းစစ်ဆေးမှုများအရ အီဂျစ်ဝါဂွမ်းဟု တံဆိပ်တပ်ထားသော
ထုတ်ကုန် အများအပြားမှာ လှည့်စားကြော်ငြာထားခြင်းဖြစ် ကြောင်း ဝမ်းနည်းဖွယ်ရာ
တွေ့ရှိခဲ့ရသည်။
ထိုသို့
အတုအပပြုလုပ်ခြင်းများက စားသုံးသူများ၏ ယုံကြည်မှုကိုများစွာထိခိုက်စေခဲ့ပြီး
အမှတ် တံဆိပ်ကို ကာကွယ်ရန် လိုအပ်လာခဲ့ပါသည်။ ထို့ကြောင့် ၂၀၀၄ ခုနှစ်တွင်
အီဂျစ်ဝါဂွမ်းအသင်း (Cotton Egypt Association - CEA) ကို တရားဝင် စတင်ဖွဲ့စည်းခဲ့သည်။ ဤအဖွဲ့အစည်းက စစ်မှန် သော
အီဂျစ်ဝါဂွမ်းထုတ်ကုန်များကို စစ်ဆေးပေးရန် အသိအမှတ်ပြုစနစ်များဖန်တီးကာ အတုအပများ
ကို ကာကွယ်ပေးပါသည်။ DNA စစ်ဆေးခြင်း၊ ထောက်ပံ့မှု
ကွင်းဆက်စစ်ဆေးခြင်းများနှင့် နိုင်ငံတကာ လိုင်စင်ထုတ်ပေးခြင်းများကိုပါ စနစ် တကျ
ပြုလုပ်လာခဲ့ကြပါသည်။
၂၀၁၅
ခုနှစ်သို့ရောက်သောအခါ ကမ္ဘာလုံးဆိုင်ရာ ယုံကြည်မှုသင်္ကေတတစ်ခုဖြစ်သည့် အီဂျစ်
ဝါဂွမ်း အမှတ်တံဆိပ် (logo) ပေါ်ထွက်လာခဲ့ပါသည်။
ယနေ့ခေတ်တွင် အဆိုပါအမှတ်တံဆိပ်သည် အမျှင် တိုင်းကို အီဂျစ်နိုင်ငံ၏ မြေဆီလွှာအထိ
ခြေရာခံနိုင်ကြောင်း သေချာစွာ အသိအမှတ်ပြုပေးနေပြီ ဖြစ်သည်။
ချည်မျှင်အရေအတွက်နှင့် ထူးခြားသော အရည်အသွေးများ
ဝါနှင့်ပတ်သက်၍
လူအများစုကြားတွင် ချည်မျှင်အရေအတွက်နှင့်ပတ်သက်သော အထင်အမြင် လွဲမှားမှုများလည်း
ရှိနေတတ်သည်။ လူအများအပြားက ချည်မျှင်အရေအတွက် ပိုများပါက အိပ်ရာခင်း ပိုကောင်းသည်ဟု
ယုံကြည်ကြသော်လည်း အမြဲတမ်း မှန်ကန်နေခြင်းတော့မဟုတ်ပါ။ ချည်မျှင် အရေအတွက်က
အတိုင်းအတာတစ်ခုအထိ အရေးပါသော်လည်း ဝါအမျှင်များ၏ အရည်အသွေး ကသာ ပို၍အရေးကြီးသော အချက်ဖြစ်ပါသည်။
ချည်မျှင်အရေအတွက် အလယ်အလတ်ရှိသော စစ်မှန်သည့် အီဂျစ်ဝါသည် ဂဏန်းများပြားသော
စျေးပေါသည့်အထည်များထက် ပိုမိုနူးညံ့ပြီး ကြာရှည် ခံသည်။
အချို့သော
ထုတ်လုပ်သူများက ပိုမိုဇိမ်ကျကျ ဖြစ်နေသယောင်ထင်ရစေရန် ကြိုးမျှင်ပေါင်းများစွာ
ကို အသုံးပြုပြီး ချည်မျှင်အရေအတွက်ကို လှည့်စား တတ်ကြသည်။ အမှန်တကယ်တွင်
ထုပ်ပိုးမှုအပေါ်မှ အမြင့်ဆုံးဂဏန်းကို ရှာဖွေခြင်းထက် စစ်မှန်သော အရှည်စားချည်မျှင်နှင့်
ကောင်းမွန်သောရက်လုပ်မှု ပေါင်းစပ်ခြင်းကသာ အရေးပါသည်။
အီဂျစ်ဝါဂွမ်းကို
လူအများက ဤမျှတန်ဖိုးထားရသည့် အဓိကအကြောင်းရင်းတစ်ခုမှာ အချိန်ကြာ လာသည်နှင့်အမျှ
ပိုမိုနူးညံ့လာနိုင်ခြင်းကြောင့်ဖြစ်ပါသည်။ သာမန်အထည်အများစုက ထပ်ကာ တလဲလဲ
လျှော်ဖွပ်ပြီးနောက်တွင် တဖြည်းဖြည်း ပျက်စီးလာတတ်ကြသည်မှာ သဘာဝပင်ဖြစ်သည်။
သို့သော် အရည်အသွေးမြင့်မားသော အီဂျစ်ဝါဂွမ်းကမူ အချိန်ကြာလာသည်နှင့်အမျှ
အရည်အသွေး ပိုမို ကောင်းမွန်လာတတ်သည့် ထူးခြားချက်ရှိပါသည်။
ယင်း၏
အမျှင်များသည် ပိုမိုပြေလျော့လာပြီး ခိုင်ခံ့မှုကို ထိန်းသိမ်းထားရင်း တစ်ချိန်တည်းမှာပင်
ပိုမိုချောမွေ့လာတတ်သည်။ ဤအချက်ကြောင့်ပင် အီဂျစ်ဝါဂွမ်းကို
ပရီမီယံအိပ်ရာခင်းများ၊ ခေါင်းအုံး စွပ်များ၊ တဘက်များနှင့် ဇိမ်ခံအဝတ်အထည်များ
အတွက် လူကြိုက်များကြခြင်းဖြစ်သည်။ ဤသို့ သော နူးညံ့မှု၊ ခိုင်ခံ့မှုနှင့်
ဇိမ်ခံနိုင်သည့် ခံစားမှုတို့က ၎င်းကို ကမ္ဘာတစ်ဝန်း ဒဏ္ဍာရီလာ နာမည်ကောင်း တစ်ခု
ရရှိစေခဲ့သည်။
အီဂျစ်ဝါဂွမ်းသည်
နူးညံ့ခိုင်ခံ့ရုံသာမက လေဝင်လေထွက်လည်း အလွန်ကောင်းမွန်သည့်အတွက်
သက်သောင့်သက်သာရှိမှုကို အပြည့်အဝပေးစွမ်းနိုင်သည်။ ယင်းသည်
ဓာတုမျှင်သုံးအထည်များထက် လေကို ပိုမိုထိရောက်စွာ လှည့်ပတ်သွားလာခွင့်ပြု
ထားသောကြောင့် လူကိုအေးမြစေသည်။ ထို့ကြောင့် အီဂျစ်ဝါဂွမ်း အိပ်ရာခင်းများသည်
ပိုနွေးသောရာသီဥတုများတွင် အိပ်စက်နေစဉ်အတွင်း ပိုမိုအေးမြ ကာ
သက်သောင့်သက်သာရှိစေပါသည်။
သို့သော်
အီဂျစ်ဝါဂွမ်းက အခြေအနေတိုင်းအတွက်တော့ အမြဲတမ်းပြီးပြည့်စုံနေသည့်အရာတစ်ခု မဟုတ်ပါ။
စစ်မှန်သော အီဂျစ်ဝါဂွမ်း ထုတ်ကုန်များသည် စိုက်ပျိုးရေးနှင့် ထုတ်လုပ်ရေး
လုပ်ငန်းစဉ်များတွင် လုပ်အားပိုမိုလိုအပ်သဖြင့် စျေးနှုန်းများစွာ
ကြီးမြင့်နိုင်သည်။ ထို့အပြင် မည်သည့်စိုက်ပျိုးရေး ထုတ်ကုန်မှာမဆို အရည်အသွေးသည်
ရိတ်သိမ်းမှုနှင့် ထုတ်လုပ်ရေးစံချိန် စံညွှန်းများ အပေါ် မူတည်၍
ကွဲပြားနိုင်ပါသေးသည်။
ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် အနာဂတ်အမွေအနှစ်
အီဂျစ်ဝါဂွမ်းတိုင်းက
အလိုအလျောက် ထိပ်တန်း အရည်အသွေးဖြစ်မနေဘဲ အမေရိကန်နှင့် ပီရူးတို့မှ Pima ဝါဂွမ်းများကလည်း ယှဉ်ပြိုင်နိုင်စွမ်းရှိသည်ဟု ကျွမ်းကျင်သူအချို့ကဆိုကြသည်။
ထို့ကြောင့် အီဂျစ်နိုင်ငံသည် ၂၀၂၀ ပြည့်လွန်နှစ်များတွင် ယင်းတို့၏ ဝါဂွမ်းကဏ္ဍ
ရေရှည်တည်တံ့ခိုင်မြဲရေး အပေါ် ပိုမိုအာရုံစိုက်လာခဲ့ပါသည်။ UNIDO ၊ Better Cotton နှင့် Cotton Connect စသည့် အဖွဲ့အစည်း များနှင့်
ပူးပေါင်းဆောင်ရွက်မှုများကို စတင်ပြုလုပ်လာခဲ့ကြပါသည်။ ထိုမှတစ်ဆင့် သဘာဝပတ်ဝန်း
ကျင်ကို ထည့်သွင်းစဉ်းစားသော စိုက်ပျိုးရေးအလေ့အကျင့်များကို
အကောင်အထည်ဖော်ဆောင်ရွက် လာနိုင်ခဲ့သည်။ အသေးစားတောင်သူလယ်သမားများကို
စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနှင့် ရေအသုံးပြုမှု လျှော့ချခြင်းများကိုလည်း
စနစ်တကျ ပြုလုပ်ခဲ့ကြပါသည်။ ထို့အပြင် ထောက်ပံ့မှု ကွင်းဆက်တစ်လျှောက်လုံးတွင်
ကျင့်ဝတ်နှင့်ညီသော အလုပ်သမားရေးရာအခြေ အနေများကိုလည်း အထူးဦးစားပေး ဆောင်ရွက်လာခဲ့ကြသည်။
ဆောင်းပါးကို
နိဂုံးချုပ်ပါမည်။ အီဂျစ်ဝါဂွမ်းဆိုသည်မှာ စျေးကွက်ရှာဖွေရေးအတွက် အသုံးအနှုန်း သက်သက်လုံးဝမဟုတ်ပါ။
စစ်မှန်သော အီဂျစ်ဝါဂွမ်းသည် ရာစုနှစ်ပေါင်းများစွာ ကြာမြင့် ခဲ့ပြီဖြစ်သော
စိုက်ပျိုးရေးဓလေ့ထုံးတမ်းနှင့် ထူးခြား သည့် ပတ်ဝန်းကျင်အခြေအနေများကို
ကိုယ်စားပြုပါသည်။ ယနေ့ခေတ်တွင် အီဂျစ်ဝါဂွမ်းသည် အထည်တစ်စထက်ပိုပြီး ဂရုတစိုက်
စိုက်ပျိုးထားကာ အနာဂတ် အတွက် အသိအမှတ်ပြုလက်မှတ် ရရှိထားသော
အမွေအနှစ်တစ်ခုဖြစ်သည်။
သို့သော်
ဇိမ်ခံပစ္စည်းအများစုကဲ့သို့ပင် အသေးစိတ်အချက်အလက်များကို မှန်ကန်စွာ နားလည် သဘောပေါက်ရန်
အလွန်အရေးကြီးသည်။ နောက်တစ်ကြိမ် တံဆိပ်တစ်ခုပေါ်တွင် အီဂျစ် ဝါဂွမ်းဟု တွေ့သည့်အခါ
နိုင်းမြစ်ကမ်းပါးမှ ကမ္ဘာတစ်ဝန်းသို့ ကျယ်ပြန့်လာသော ဇာတ်လမ်းတစ်ပုဒ်
ရှိနေကြောင်း သိလာပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အီဂျစ်ဝါဂွမ်းသည်
ချည်မျှင်တစ်ခုမျှသာ မဟုတ်ဘဲ အမျှင်တိုင်းတွင် ရက်လုပ်ထားသော
သမိုင်းကြောင်းခရီးစဉ်တစ်ခု ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
No comments