နာမည်ကြီးတင်းနစ်မယ် ကိုကိုဂေါ့ဖ် စင်စင်နတီအိုးပင်းဖလား ဆွတ်ခူး

 


စင်စင်နတီအိုးပင်းတင်းနစ်  အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ  နောက်ဆုံးဗိုလ်လုပွဲတွင် ကိုကိုဂေါ့ဖ်က ဂျက်ဆီကာ ပဲဂူလာကို ၆-၂၊ ၆-၄ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ယခုနှစ်အတွင်း ပထမဆုံးအကြိမ် ဖလားဆွတ်ခူးနိုင်ခဲ့သည်။ အသက် ၂၂ နှစ်အရွယ် တင်းနစ်မယ် ကိုကိုဂေါ့ဖ်သည် ပဲဂူလာကို အနိုင်ရရှိရန် တစ်နာရီနှင့် ၁၄ မိနစ်သာ ကြာမြင့်ခဲ့ကြောင်း သိရသည်။

ကိုကိုဂေါ့ဖ်သည် ဆီရီနာဝီလီယံနှင့် ဗစ်တိုးရီးယားအဇာရင်ကာတို့ပြီးနောက် အဆိုပါပြိုင်ပွဲတွင် နှစ်ကြိမ်မြောက်  ဆွတ်ခူးနိုင်သည့် တတိယမြောက် တင်းနစ်မယ်ဖြစ်လာခဲ့သည်။ ၎င်းသည် ၂၀၂၃ ခုနှစ် စင်စင်နတီအိုးပင်း နောက်ဆုံး ဗိုလ်လုပွဲတွင်လည်း ချက်ဇ်တင်းနစ်မယ် မူချိုဗာကို အနိုင်ယူကာ ဖလားဆွတ်ခူးထားသည်။

ပြိုင်ဘက်တင်းနစ်မယ်  ပဲဂူလာသည်   ပြိုင်ပွဲတစ်လျှောက်တွင် နာဗာရို၊ ဆာစတီယာ၊ အနီဆီမိုဗာ၊ ရှီယွန်တက်ခ် စသည့် တင်းနစ်မယ်များကို အဆင့်ဆင့်ကျော်ဖြတ်နိုင်ခဲ့သော်လည်း နောက်ဆုံးဗိုလ်လုပွဲတွင် ကိုကိုဂေါ့ဖ်ကို ရှုံးနိမ့်ခဲ့သည့် အတွက် ဖလားဆွတ်ခူးခွင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။

စင်စင်နတီအိုးပင်းတင်းနစ်အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် ပြင်သစ်တင်းနစ်အကျော်အမော်  အာသာဖေးလ်က အမေရိကန်တင်းနစ်ကစားသမား ဖရန့်စ်တီယာဖိုးကို ၆-၃၊ ၁-၆၊ ၆-၀ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ဖလားဆွတ်ခူးနိုင်ခဲ့သည်။          

အောင်ဇော်

No comments

Powered by Blogger.