နိုင်ငံတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပညာရေးကဏ္ဍကိုမြှင့်တင်အားပေး(ကြေးမုံ)



မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည်။ နိုင်ငံတည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ်သို့ တက်လှမ်း နိုင်ရန်အတွက် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး၊ တည်ငြိမ်အေးချမ်းသာယာ ဝပြောရေးကို ကြိုးပမ်းဆောင်ရွက်ရာတွင် ပညာရေး ကဏ္ဍသည် အရေးကြီးသောကဏ္ဍ တစ်ခုဖြစ်သည်။ နိုင်ငံတွင် ကာလရှည်ကြာ ပညာရေး အားနည်းမှုများ ရှိနေသောကြောင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် အားနည်းချက်များရှိနေပြီး ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဆင့်သို့ တက်လှမ်းရန် လိုအပ်ချက်များ ရှိနေသည်။ ပညာရေး အားနည်း၍ အခြားနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် နောက်ကျကျန်နေဆဲ ဖြစ်သည်။

 

နိုင်ငံတစ်နိုင်ငံ တည်ငြိမ်ရေးနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အသက် သွေးကြောသည် “ပညာရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး” ပင်ဖြစ်သည်။ နိုင်ငံတော် အစိုးရအနေဖြင့် တိုင်းပြည်တာဝန် စတင်ထမ်းဆောင်ချိန်မှစပြီး ပညာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကို အမျိုးသားရေးမူဝါဒအဖြစ် အလေးထား ဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် အခြေခံပညာရေးစနစ်ကို ပိုမိုခိုင်မာအောင်တည်ဆောက်ခြင်း၊ သင်ရိုးညွှန်းတမ်းများ အဆင့် မြှင့်တင်ခြင်း၊ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်း သင်တန်းများနှင့် နည်းပညာကျောင်းများကို တိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ အဆင့်မြင့်ပညာကဏ္ဍတွင် တက္ကသိုလ်များ၏ သင်ကြားရေးစနစ်များကို နိုင်ငံတကာအဆင့်မီစေရန် ဘက်စုံမြှင့်တင်ပေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိသည်။

 

ယခင်က မူလတန်းပညာရေးကို မသင်မနေရ သတ်မှတ်သင်ကြားစေလျက်ရှိသော်လည်း ယခုအခါ KG+9 အလယ်တန်း ပြီးဆုံးသည်အထိ မသင်မနေရသတ်မှတ်ဆောင်ရွက်နေသည်။ ပညာရေး အသုံးစရိတ်များကိုလည်း နိုင်ငံ့ဘဏ္ဍာငွေ ခွဲဝေရာတွင် ၁၀ ရာခိုင်နှုန်းအထိ သတ်မှတ် သုံးစွဲလျက်ရှိသည်။ ပညာရေးအားနည်းသည့် ဒေသများအတွက် အထူးစီမံချက်များ ချမှတ်ပြီး ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်သကဲ့သို့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်းများကို တိုးချဲ့ဖွင့်လှစ်ကာ ပညာရေးဒီဂရီကောလိပ်များကို ဆရာအတတ် ပညာသင် တက္ကသိုလ်အဖြစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် ပညာရေးကဏ္ဍကို အထူးမြှင့်တင် အားပေးဆောင်ရွက်နေသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ အနာဂတ်ကို ပိုင်စိုးကြမည့် မျိုးဆက်သစ် မြန်မာနိုင်ငံသား လူငယ်လူရွယ်များ၏ အသိပညာ၊ အတတ်ပညာများ ပိုမိုတိုးတက် ပြည့်စုံစေရေးအတွက် ရုရှား၊ ဘယ်လာရုစ်နိုင်ငံများ အပါအဝင် ပြည်ပနိုင်ငံများသို့ ပညာတော်သင်များ စေလွှတ်ပေးလျက်ရှိသည်။

 

ယခုအခါ နိုင်ငံတော်သမ္မတကြီး၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ ခရီးစဉ်တွင် မြန်မာလူငယ် လူရွယ်များ အသိပညာ၊ အတတ်ပညာ ပိုမိုပြည့်စုံစေရေးအတွက် အခွင့်အလမ်း ကောင်းများ ပိုမိုရရှိခဲ့သည်။ ပြီးခဲ့သည့် ၂၅ နှစ် အတွင်း ရုရှားနိုင်ငံသို့ မြန်မာပညာတော်သင် ၇၀၀၀ ကျော် စေလွှတ်တက်ရောက်စေခဲ့သည်။ အကျိုးရလဒ်အနေဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ကဏ္ဍပေါင်းစုံ တွင် တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့သည့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မှုကို ကျေးဇူး တင်ရမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုတွင် သိပ္ပံ၊ နည်းပညာသာမက စီးပွားရေး ပညာရှင်များ၊ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်နားလည်သူများ၊ ဥပဒေကျွမ်းကျင် နားလည်သူများ အများအပြားလိုအပ်သည်။ ထို့ကြောင့် လွန်ခဲ့သည့် လေးနှစ်မှစတင်၍ မြန်မာနိုင်ငံရှိ ဝိဇ္ဇာ၊ သိပ္ပံပညာသင်တက္ကသိုလ်များအားလုံးတွင် ဝိဇ္ဇာဘွဲ့ (စီးပွားရေး)၊ ဝိဇ္ဇာဘွဲ့ (ဥပဒေ) သင်တန်းများ ဖွင့်လှစ်ခြင်း၊ ထူးချွန်ကျောင်းသား ပညာသင်ဆုများ ပေးအပ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 

မြန်မာနိုင်ငံတွင် တက္ကသိုလ်များကို ပညာရေးဝန်ကြီးဌာနအောက်တွင် ဖွင့်လှစ်ထားသလို အခြားဝန်ကြီးဌာနများ တွင်လည်း တက္ကသိုလ်များဖွင့်လှစ်ထားသည်။ ယခုအခါ ရန်ကုန်တက္ကသိုလ်နှင့် ဘယ်လာရုစ်နိုင်ငံ တက္ကသိုလ်များအကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးရန် အသင့် ဖြစ်နေသည်။ အလားတူဘယ်လာရုစ်သမ္မတကြီး မြန်မာနိုင်ငံသို့ လာရောက်ချိန်က မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံအကြား သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။ နှစ်နိုင်ငံအကြား သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ရာတွင် ကန့်သတ်မှု၊ တားမြစ်ထားမှု တစ်စုံတစ်ရာလုံးဝမရှိဘဲ ပူးပေါင်းဆောင်ရွက် သွားမည်ဟု အသိပေးထားသည်။ ဘယ်လာရုစ်နိုင်ငံသည် သိပ္ပံပညာရပ်များတွင်သာမက အာကာသ နည်းပညာနှင့် ဂြိုဟ်တု အသုံးချသည့် လုပ်ငန်းများတွင် တိုးတက်မှုရှိနေသဖြင့် မြန်မာအာကာသ အေဂျင်စီနှင့် နားလည်မှု စာချွှန်လွှာ ရေးထိုးထားသည်။

 

အလားတူပင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့်လည်း အာကာသနည်းပညာနှင့် ဂြိုဟ်တုအသုံးချ လုပ်ငန်းများတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။ မကြာမီကာလတွင် မြန်မာနိုင်ငံက ရွေးချယ်ထားသော အာကာသယာဉ်မှူးများအနေဖြင့် ရုရှားနိုင်ငံနှင့် ပူးပေါင်းပြီး ဂြိုဟ်တုအသုံးပြု အကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်နိုင်တော့မည် ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံတစ်နိုင်ငံ တည်ငြိမ်ရေးနှင့် ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အသက်သွေးကြောသည် “ပညာရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး” ဖြစ်၍ ပညာရေးကဏ္ဍကို အဆင့်မြှင့်တင်ပြီး ပေါ်ထွက်လာသော လူသားအရင်း အမြစ်များဖြင့် နိုင်ငံ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

No comments

Powered by Blogger.