စဉ့်ကိုင်မြို့နယ် ရွာသစ်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေး




စဉ့်ကိုင်     ဩဂုတ်   ၂၁


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ရွာသစ်ကျေးရွာ၌ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဖောက်လုပ်နေမှုအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးက ကျေးလက်ကုန်ထုတ်လမ်းအား သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ လုပ်ငန်းအရည်အသွေး ပြည့်မီစေရန်နှင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။


စဉ့်ကိုင်မြို့နယ် ရွာသစ်ကျေးရွာ၌ လမ်းအရှည် တစ်မိုင်နှင့် ၁ ဒသမ ၀၉ ဖာလုံ အား လမ်းအကျယ် ၁၂ ပေ ၊ အမြင့်ထု နှစ်ပေကိုးလက်မ မြေသားတင်ဂျင်းခင်းခြင်းအမျိုးအစား ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းကို တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၁၀၈ ဒသမ ၆၇၃ သန်းဖြင့် ပြည့်ဝကုမ္ပဏီမှ တာဝန်ယူ၍ ယခုနှစ် ဇွန်လ ၂၆ ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ၄၀ ရာခိုင်နှုန်း ဖောက်လုပ်ပြီးစီးပြီဖြစ်ကာ ဒီဇင်ဘာလ ဒုတိယပတ်တွင် လုပ်ငန်းများ အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ကျေးရွာ(၃)ရွာမှ အိမ်ခြေ ၆၃၁ အိမ် ၊ လူဦးရေ ၂၃၃၉ ဦး၏ စိုက်ပျိုးမြေဧက ၅၀၀ အား ရာသီမရွေး သွားလာစိုက်ပျိုးလုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ကျောက်ဆည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ရီရီဦးထံမှ သိရသည်။ 


ရဲဝင်းနိုင် ( ညောင်ဦး )

No comments

Powered by Blogger.