ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတို့တွင် ခြင်ဆီအစားထိုးကုသခြင်း ပုံမှန်ဆောင်ရွက်ပေးလျက်ရှိ

 



နေပြည်တော် ဩဂုတ် ၂၀


မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး သွေးရောဂါအထူးကုဌာန ခြင်ဆီအစားထိုးဌာန (Bone Marrow Transplant Center)တွင် ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း တနင်္သာရီတိုင်းဒေသကြီးမှ ၄၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှ ၅၁ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ၅၉ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်မှ ၄၉ နှစ်အရွယ် အမျိုးသားတစ်ဦး စုစုပေါင်း လူနာလေးဦးတို့အား ခြင်ဆီအစားထိုးကုသခြင်း ဆောင်ရွက်ခဲ့ရာ လူနာများအားလုံးမှာ ကျန်းမာရေးကောင်းမွန်သဖြင့် ဩဂုတ်လဆန်းတွင် ဆေးရုံဆင်းခွင့် ရရှိပြီးဖြစ်ကြောင်း သိရသည်။


အဆိုပါ ခြင်ဆီအစားထိုးကုသခြင်းကို ဆေးရုံအုပ်ချုပ်မှုအဖွဲ့ ပံ့ပိုးမှုဖြင့် သွေးရောဂါအထူးကုဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ ဆက်စပ်ဌာနများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြုများ၊ အထောက်အကူပြုဝန်ထမ်းများ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။


ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများလိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပြည်တွင်း၌ လက်လှမ်းမီရရှိစေရေးအတွက် အဆင့်မြင့်ကုသမှုများကို ပြည်တွင်း၌ရရှိစေရေး ဆောင်ရွက်လျက်ရှိရာ သွေး/ ခြင်ဆီ ကင်ဆာရောဂါလူနာများအတွက် ခြင်ဆီအစားထိုးကုသမှုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတို့တွင် ပုံမှန်ဆောင်ရွက်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ပထမဦးဆုံး သွေးခြင်ဆီပင်မကလာပ်စည်း အစားထိုးကုသမှု (Haematopoietic Stem Cell Transplant - HSCT) ကို ၂၀၁၄ ခုနှစ်မှ စတင်၍ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၌ သွေးကင်ဆာလူနာများကိုကုသရာတွင် အသုံးပြုနိုင် ခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ၂၀၁၆ ခုနှစ်မှစတင်၍ ဆောင်ရွက်နိုင်ခဲ့သည်။


ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ခြင်ဆီအစားထိုးကုသခြင်းကို ၂၀၁၆ ခုနှစ်တွင် သုံးဦး၊ ၂၀၁၇ ခုနှစ်တွင် သုံးဦး၊ ၂၀၁၈ ခုနှစ်တွင် လေးဦး၊ ၂၀၁၉ ခုနှစ်တွင် တစ်ဦး၊ ၂၀၂၀ ပြည့်နှစ်တွင် တစ်ဦး၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလ အလွန် ၂၀၂၄ ခုနှစ်တွင် သုံးဦး၊ ၂၀၂၅ ခုနှစ်တွင် ၁၀ ဦးနှင့် ၂၀၂၆ ခုနှစ် ယခုအချိန်အထိ ရှစ်ဦး၊ စုစုပေါင်း လူနာ ၃၃ ဦးကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ စုစုပေါင်းလူနာ ၂၁ ဦး၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအလွန် ၂၀၂၃ ခုနှစ်တွင် ငါးဦး၊ ၂၀၂၄ ခုနှစ်တွင် ၁၉ ဦး၊ ၂၀၂၅ ခုနှစ်တွင် ၁၉ ဦး၊ ၂၀၂၆ ခုနှစ် ယခုအချိန်ထိ ခြောက်ဦး စုစုပေါင်း ၇၀ ကို ကုသပေးခဲ့ပြီးဖြစ်သည်။ သွေး/ခြင်ဆီကင်ဆာလူနာများအနေဖြင့် ပြည်တွင်း၌ပင် ကျန်းမာရေးကုန်ကျစရိတ်သက်သာစွာဖြင့် ကုသမှုခံယူနိုင်ရေးအတွက် ခြင်ဆီအစားထိုးကုသမှုများကို ပြည်တွင်း၌ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.