ဘားအံမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ယာယီရေဘေး ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရာချထားပေးပြီး ဆန်ရိက္ခာဖိုးနှင့် ဆန်၊ ဆီ၊ ကြက်ဥ အစရှိသောစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်
ဘားအံ ဩဂုတ် ၁၂
ကရင်ပြည်နယ် ဘားအံမြို့တွင် သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းလူနေရပ်ကွက် များအတွင်း မြစ်ရေများစီးဝင်ပြီး နေအိမ်တွင် ဆက်လက်နေထိုင်ရန် မသင့်တော်တော့သည့် အိမ်ထောင်စုများအား ဘေးလွတ်ရာ ယာယီရေဘေး ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရာချထားပေးကာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဆန်ရိက္ခာဖိုးနှင့် ကရင် ပြည်နယ်အစိုးရအဖွဲ့က ဆန်၊ ဆီ၊ ကြက်ဥ အစရှိသော စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ် သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ယနေ့မွန်းလွဲပိုင်းတွင် ဘားအံမြို့ အမှတ်(၁)ရပ်ကွက် ပဒုမ္မာလမ်းရှိ မိုးလုံလေလုံအားကစားရုံ ယာယီ ရေဘေးကယ်ဆယ်ရေးစခန်း၌ ပြောင်းရွှေ့နေရာ ချထားပေးသော အိမ်ထောင်စုများအား တွေ့ဆုံ အားပေးစကားပြောကြားပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ရေဘေးသင့်အိမ်ထောင်စုများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဆန်ရိက္ခာဖိုးငွေ ၃၈၅၅၀၀ဝ နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့က ဆန်၊ ဆီ၊ ကြက်ဥ အစရှိသော စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။
ထို့အတူ ဘားအံမြို့ အမှတ်(၂)ရပ်ကွက်ရှိ လေသာကျောင်း ယာယီရေဘေးကယ်ဆယ်ရေး စခန်းရှိ ရေဘေးသင့်အိမ်ထောင်စုများအား တွေ့ဆုံ အားပေးစကားပြောကြားကာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဆန်ရိက္ခာဖိုးငွေ ၁၁၇၀၀၀ဝ နှင့် ကရင်ပြည်နယ်အစိုးရ အဖွဲ့က ထောက်ပံ့သော ဆန်၊ ဆီ၊ ကြက်ဥ အစရှိသော စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments