တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးအား ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး



နေပြည်တော် ဩဂုတ် ၁၉


(၉)ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (9th Thailand- Myanmar High Level Committee Meeting ) သို့ တက်ရောက်ရန် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး အား ယနေ့မွန်းလွဲပိုင်းတွင် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ukris Boontanondha က ဂုဏ်ပြု တပ်ဖွဲ့ဖြင့် ကြိုဆိုသည်။


တက်ရောက်


အဆိုပါ အခမ်းအနားသို့


တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဝင်းသူလင်းတို့ တက်ရောက်ကြပြီး ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ထိုင်းဘုရင့် တပ်မတော် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Air Chief Marshsl Seksun Chaiyamert နှင့် ထိုင်းဘုရင့်တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြ သည်။


ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနားကျင်းပမည့် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသို့ရောက်ရှိရာ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကကြိုဆို နှုတ်ဆက်သည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့သည် အလေးပြု ခံစင်မြင့်ထက်တွင် နေရာယူပြီး ထိုင်းဘုရင့်တပ်မတော် ဂုဏ်ပြုတပ်ဖွဲ့၏ နှစ်နိုင်ငံ နိုင်ငံတော် သီချင်းများဖြင့် တီးမှုတ်ဂုဏ်ပြု အလေးပြုခြင်းခံယူ၍ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးသည်။


ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်တို့သည် နှစ်နိုင်ငံတပ်မတော် အရာရှိကြီးများနှင့် အပြန်အလှန် မိတ်ဆက်ပေးကြပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြ သည်။ ဆက်လက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ရုံး ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးပြီး ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ဧည့်ခန်းမတွင် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံဆွေးနွေး ကြသည်။


ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ရှည်လျားသည့် သမိုင်းကြောင်း ရှိပြီး အိမ်နီးချင်းကောင်း၊ မိတ်ဆွေ ကောင်းနိုင်ငံများဖြစ်မှု၊ နှစ်နိုင်ငံအကြား သဘောတူညီချက်များအား ဆက်လက်အကောင်အထည် ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက် ကောင်းမွန်နေစေရေး ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ် ဒေသကုန်သွယ်မှုများ ပြန်လည် ကောင်းမွန်ရေးအတွက် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးသည် မရှိမဖြစ်လိုအပ်သဖြင့် နှစ်နိုင်ငံ အစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်း၍ ထိန်းသိမ်း ဆောင်ရွက်သွားရန် လိုအပ်မှု၊ နယ်စပ်ဒေသ တရားမဝင် ကုန်သွယ်မှုများ မရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်မှု၊ နှစ်နိုင်ငံနယ်စပ်ဒေသတွင် ရှိသည့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများကို လုပ်ဆောင် လျက်ရှိသည့် ကျောက်ခက်နှင့် ရွှေကုက္ကိုလ်တို့ရှိ အဆောက်အအုံ များအား မြန်မာနိုင်ငံဘက်မှ အမြစ်ပြတ် ဖြိုချဖျက်ဆီးလျက်ရှိမှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်အဖြစ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများကို နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တားဆီး ကာကွယ် နှိမ်နင်းလျက်ရှိသည့် အခြေအနေများ၊ နယ်စပ်ဖြတ် ကျော်မှုခင်းဆိုင်ရာ ကိစ္စရပ်များနှင့် လက်နက်ခဲယမ်းမှောင်ခို ရောင်းဝယ်မှုများကို ပူးပေါင်း ထိန်းသိမ်းတိုက်ဖျက် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ အဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ တပ်မတော်အနေဖြင့် အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ကာကွယ်စောင့်ရှောက်နေသည့် အခြေအနေများ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် အကြား လေ့ကျင့်ရေးဆိုင်ရာများ၊ သင်တန်းသားများ၊ တပ်မတော် အားကစားအဖွဲ့များ၊ ယဉ်ကျေးမှု အဖွဲ့များ အပြန်အလှန်စေလွှတ် ရေးနှင့် တပ်မတော် နှစ်ရပ်အကြား အဆင့်လိုက် ချစ်ကြည်ရေးခရီး စဉ်များ အပြန်အလှန်လည်ပတ်ရေး၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးတက်ခိုင်မာစေရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။


တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ် ရေးဦးစီးချုပ်တို့သည် အထိမ်းအမှတ်တံဆိပ်နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ပြန်လည်ထွက်ခွာရာ ထိုင်းဘုရင့်တပ်မတော် ဂုဏ်ပြုတပ်ဖွဲ့က နှုတ်ဆက်ဂါရဝပြု အလေးပြုခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.