ဒေသတွင်း သားငါးနှင့် ဥစားသုံးမှုဖူလုံစေရေး လုပ်ငန်းရှင်အစုအဖွဲ့ဖြင့် မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိ

 


မြစ်ကြီးနား ဩဂုတ် ၁၉

 

မြစ်ကြီးနားမြို့နယ် ပလန-၄ ကျေးရွာအတွင်း ငါးမွေးမြူရေးလုပ်ငန်းအပြင် လုပ်ငန်းရှင်အစုအဖွဲ့ဖြင့် မြေဧရိယာ၂၃ ဧကတွင် ကြက်၊ ဝက်၊ နွား မွေးမြူရေးလုပ်ငန်းများ တိုးချဲ့မွေးမြူနိုင်ရေး ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုပေးလျက်ရှိရာ ကြက်သားပေါက် ထုတ်လုပ်ဖြန့်ဖြူးခြင်းကို မြစ်ကြီးနားမြို့ ရွှေပြည်သာရပ်ကွက်အတွင်း ရွေးချယ်ထားရှိပြီး တစ်လလျှင် ကြက်သားပေါက်ကောင်ရေ တစ်သိန်းကျော်ထုတ်လုပ်၍ ဒေသတွင်း ဖြန့်ဖြူးနိုင်ရေးနှင့် ငါးမွေးမြူထုတ်လုပ်မှုကို ယခု ၂၀၂၆-၂၀၂၇ ခုနှစ်အတွင်း ပိဿာချိန်ပေါင်း ၁၉၀၀၀ ထုတ်လုပ်နိုင်ရေး ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ပလန-၄ ကံ့ကော်မြိုင် ကျေးရွာအတွင်း ပိုင်ရှင်ဦးအောင်၏ မြေဧရိယာဧက ၅၀ ကျော်အတွင်း ငါးမွေးကန်များတူးဖော်၍ ငါးမွေးမြူရေးလုပ်ငန်း နည်းစနစ်တကျ ဆောင်ရွက်နိုင်ရေး ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးပြီး ငါးကန်များအတွင်း ငါးသားပေါက်များ စိုက်ထည့်ပေးသည်။

 

အလားတူ အစုအဖွဲ့ဖြင့် မွေးမြူလုပ်ကိုင်ကြမည့် ပလန-၄ ငါးမွေး ကန်စခန်းဧရိယာအတွင်းရှိ ငါးကန်ဟောင်း ၁၁ ကန်ကို ငါးလုပ်ငန်းဦးစီးဌာနနှင့်ပေါင်းစပ်၍ နည်းစနစ်တကျ မွေးမြူထုတ်လုပ်နိုင်ရေးအတွက် ငါးကန်များ ပြန်လည် တူးဖော်ထားရှိမှုနှင့် ငါးအမျိုးအစားအလိုက် ငါးသားပေါက်ကောင်ရေ ငါးသောင်းကျော် စိုက်ထည့်မွေးမြူထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ပလန-၄ ကျေးရွာ နယ်မြေအတွင်း စည်ပင်သာယာရေးအဖွဲ့ပိုင် မြေနေရာ၌ အမှိုက်ကန်များ တူးဖော်ထားရှိမှုအပေါ် ငါးမွေးမြူနိုင်ရန် နှစ်နှစ်ခန့် ခွင့်ပြုနိုင်ရေးနှင့် မွေးမြူရေး လုပ်ငန်းရှင်များဖြင့် ကြက်၊ နွားနှင့် ဝက် မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရေး မြေနေရာ သတ်မှတ်လျာထားမှုနှင့် လုပ်ငန်းများစတင်နိုင်ရေး ပေါင်းစပ် ဆောင်ရွက်ပေးကာ အဆိုပါ မြေဧရိယာအတွင်း ပိုင်ရှင်ဦးသိန်းဝင်းနှင့် အစုအဖွဲ့တို့ပူးပေါင်း၍ ကြက်ခြံကြီးများဆောက်လုပ်ကာ စီးပွားဖြစ် အသားတိုးကြက်များ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ကြက်သား ပေါက်ရရှိမှု၊ ဈေးကွက်နှင့် ရောင်းချ နိုင်မှုအခြေအနေများကို မေးမြန်းကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.