အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းမှ လုပ်ငန်းထူထောင်လိုသည့် ထူးချွန်သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်
မုံရွာ ဩဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် “အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း” တို့မှ လုပ်ငန်းထူထောင်လိုသည့် ထူးချွန် သင်တန်းသူများအား လုပ်ငန်းသုံး ပစ္စည်းများ ပေးအပ်သည်။
အဆိုပါ လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်၍ စက်ချုပ်နည်းပညာ သင်တန်းအတွက် အပ်ချုပ်စက်ပစ္စည်းများ၊ သဘာဝဆိုးဆေးနှင့် Botanical Printing လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ကာ သင်တန်းသူများ ချုပ်လုပ်ထားသည့် အဝတ်အထည်များ၊ စားသောက်ကုန်များ၊ ဒေသဖွံ့ဖြိုးရေးသုံး ပစ္စည်းများနှင့် သင်ထောက်ကူ ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုကို ကြည့်ရှု အားပေးသည်။
အလားတူ ယမန်နေ့ညနေပိုင်းက မုံရွာမြို့ ပြည်သူ့အားကစားကွင်း၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ကောလိပ် ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် စစ်ကိုင်းပညာရေး တက္ကသိုလ် ဘောလုံးအသင်းနှင့် မုံရွာတက္ကသိုလ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးပြီး ဆုရအသင်းများနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ဂိုးသမား၊ နေရာအလိုက် အကောင်းဆုံး အားကစားသမားများကို တစ်ဦး ချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments