မိုးရာသီ ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
မြစ်ကြီးနား သြဂုတ် ၃၀
ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ကြက်တောင်အားကစားဆပ်ကော်မတီတို့ ပူးပေါင်း၍ မျိုးဆက်သစ် ကြက်တောင်အားကစားသမားများမွေးထုတ်ပေးနိုင်ရန်၊ လက်ရွေးစင်ကြက်တောင်ကစားသမားများ ရွေးချယ်လေ့ကျင့်ပေးနိုင်ရန်
ရည်ရွယ်သည့် မိုးရာသီ ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့
ငြိမ်းချမ်းသာယာအားကစားကွင်းအတွင်းရှိ
ကြက်တောင်အားကစားရုံ၌ ကျင်းပသည်။
ဆုချီးမြှင့်ပွဲမတိုင်မီ အသက်
၂၁ နှစ်အောက် အမျိုးသားတစ်ဦးချင်း ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပရာ ကချင်ပြည်နယ်ဝန်ကြီးချုပ်
ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးသည်။
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကျင်းပရာ ပြည်နယ်ဝန်ကြီးများက Junior
လူသစ်တန်းပြိုင်ပွဲ၊ အသက်၁၅ နှစ်အောက် တစ်ဦးချင်း ကျား/
မပြိုင်ပွဲနှင့် အလွတ်တန်း (၂)ယောက်တွဲ ကျား/မ ပြိုင်ပွဲ၊ Senior Friendship Open ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရအသင်းများကို
လည်းကောင်း၊ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်မှူးက
အသက် ၂၁ နှစ်အောက် တစ်ဦးချင်း အမျိုးသမီးပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်က အသက် ၂၁ နှစ်အောက် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင်
ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊
ကြက်တောင်ဆပ်ကော်မတီ အတွက် ချီးမြှင့်ငွေကျပ် ၂၅ သိန်းနှင့် ပါဝင်ကူညီ ပေးခဲ့သူများအား ငွေကျပ် ၁၀ သိန်းကိုလည်းကောင်း
ပေးအပ်သည်။
ဆုချီးမြှင့်ပွဲအပြီးတွင်
ငြိမ်းချမ်းသာယာရေကူးကန်၌ ရေကူးနည်းပြများ၊ ဝန်ထမ်းများနှင့် သွားရောက်တွေ့ဆုံပြီး
ရေကူးကန် စနစ်တကျထိန်းသိမ်းထားရှိရေး၊ ရေကူးအားကစားနည်းအတွက် မျိုးဆက်သစ်လူငယ်အားကစားသမားများ ရွေးချယ်လေ့ကျင့်ထားရှိရေး မှာကြားသည်။
ထို့ပြင် ဖူဆယ်အားကစားရုံ၌
တိုင်းဒေသကြီးနှင့် ပြည်နယ် ဖူဆယ်ဘောလုံးပြိုင်ပွဲအတွက် လူရွေးချယ်၍ စခန်းသွင်း
လေ့ကျင့်ဆောင်ရွက်နေမှု၊ ငြိမ်းချမ်းသာယာဘက်စုံအားကစားရုံအတွင်းရှိ ကိုယ်ကာယလေ့ကျင့်ခန်း
(Gym) အားကစားရုံနှင့် ဒုတိယထပ်ရှိ ဘိလိယက်နှင့် စနူကာအားကစားရုံ၌ တိုင်းဒေသကြီးနှင့်
ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲအတွက် မျိုးဆက်သစ်လူငယ်များအား သင်တန်းဖွင့်လှစ်၍
လေ့ကျင့်သင်ကြားနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments