မွန်ပြည်နယ် ဥပဒေရေးရာဝန်ကြီးဌာန၏ (၅)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ
မော်လမြိုင် ဩဂုတ် ၃၀
ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ၂၀၂၁
ခုနှစ် သြဂုတ် ၃၀ ရက်တွင် ဥပဒေရေးရာဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း ဥပဒေအရာရှိများသည်
ဥပဒေပညာကို ကျွမ်းကျင်ရုံတင်မက ရိုးသားခြင်း၊ ရဲရင့်ခြင်း၊ တရားမျှတမှုကို လေးစားခြင်းစသည့်
“ဥပဒေစိတ်ဓာတ်” ရှိရန်လိုအပ်ကြောင်း၊ တရားဥပဒေစိုးမိုးရေး၏
ဦးတည်ချက်တွင် နိုင်ငံသားတိုင်း ဥပဒေ၏ အကာအကွယ်အောက်တွင် လုံခြုံစွာနေထိုင်နိုင်ရေးဖြစ်ကြောင်း၊
ပြည်သူများ ဥပဒေကို နားလည် လေးစားလာစေရန် ဥပဒေအသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊
အဂတိကင်းရှင်းစွာဖြင့် လုပ်ငန်းတာဝန်များကို ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ကြရန်
ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ငွေမိုးဟိုတယ်၌ ကျင်းပသည့် ဥပဒေရေးရာဝန်ကြီးဌာန၏
(၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက
တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ မွန်ပြည်နယ် ဥပဒေချုပ် ဒေါ်မိသန္တာမြင့်က
နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဥပဒေရေးရာ
ဝန်ကြီးဌာနမှ ပေးပို့လာသော Video Clip ကို ဖွင့်လှစ်ပြသကာ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်
အမှတ်တရ လက်ဆောင်ပစ္စည်း များကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်
ပြည်နယ်ဝန်ကြီးတို့ကို ပေးအပ်ကြသည်။
ထို့ပြင် ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်ဥပဒေအရာရှိတို့က
သွေးလှူဒါန်းပေးကြသူများနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်
ချီးမြှင့်၍ ကံစမ်းမဲများ ဖွင့်ဖောက်ပေးခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)

No comments