ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ သွားရောက်လေ့လာ

 


နေပြည်တော် ဩဂုတ် ၂၅

 

အနာဂတ်မျိုးဆက်သစ်လူငယ်များ ကျောင်းသားကျောင်းသူများအနေဖြင့် သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို စာတွေ့အပြင်လက်တွေ့ကြည့်ရှု၍ တွဲဖက်လေ့လာနိုင်ရန်၊ နိုင်ငံတော်၏ သမိုင်းကြောင်းနှင့်တပ်မတော်သမိုင်းဆိုင်ရာအမွေအနှစ်များကို လေ့လာနိုင်ရန်၊ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းစဉ်များနှင့် တပ်မတော်၏ အမျိုးသားရေးတာဝန်ထမ်းဆောင်ခဲ့မှု သမိုင်းကြောင်းများကို သိရှိနားလည်စေရန်ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

 

ယင်းသို့ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်) ဇေယျာသီရိမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(ပြည်စံအောင်)နှင့် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာကြသည်။

 

ဦးစွာ ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)အတွင်းရှိ ခေတ်အဆက်ဆက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ ရုပ်တုများနှင့် မှတ်တမ်းဓာတ်ပုံများကိုကြည့်ရှုလေ့လာကြပြီး မြန်မာ့တပ်မတော်သမိုင်းမှတ်တမ်း ရုပ်ရှင်ကြည့်ရှု ကြသည်။ ဆက်လက်၍ ပြတိုက်တာဝန်ရှိသူက ပြတိုက်သမိုင်း၊ ရည်ရွယ်ချက်နှင့် ပြတိုက်အတွင်း ကဏ္ဍအလိုက် ပြခန်း၊ ပြကွက်များပြသထားမှုတို့ကို လိုက်လံရှင်းလင်းပြောကြားရာ စစ်သမိုင်းပြတိုက်အတွင်းရှိ ရှေးမြန်မာမင်းများအသုံးပြုသည့်ပစ္စည်းများ၊ ရှေးမြန်မာမင်းများ၏ စစ်အင်္ဂါလေးပါးဖြင့်စစ်ထွက်တော်မူပုံပြသထားရှိမှုများ၊ ရှေးခေတ်မြန်မာ့တပ်မတော်သုံး ပစ္စည်းများနှင့် သမိုင်းကြောင်းများကိုလည်းကောင်း၊ တပ်မတော်(ရေ)ပြခန်းတွင် မြန်မာနိုင်ငံအတွင်းရှိ ပင်လယ်ပြင်ဧရိယာအကျယ်အဝန်းနှင့် ရေပိုင်နက်နယ်နိမိတ်ပြကွက်၊ ရှေးခေတ်မြန်မာ့ရေတပ်၊ ဂျပန်ခေတ်မြန်မာ့ရေတပ်နှင့် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာ့ရေတပ်မှတ်တမ်းဓာတ်ပုံများ၊ ခေတ်အဆက်ဆက်တပ်မတော်(ရေ)၏ သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ စစ်ရေယာဉ်ပုံစံငယ်များကို လည်းကောင်း၊ တပ်မတော်(လေ)ပြခန်းတွင် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့သော ကာကွယ်ရေးဦးစီးချုပ်(လေ)များ၏ ဓာတ်ပုံမှတ်တမ်းများ၊ တပ်မတော်(လေ)၏ ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ၊ တပ်မတော်(လေ)၏ မူးယစ်ဆေးဝါးနှိမ်နင်းရေးတွင် ပါဝင်ဆောင်ရွက်မှု ဓာတ်ပုံမှတ်တမ်းများ၊ လေသူရဲကောင်းများမွေးထုတ်ပုံအဆင့်ဆင့် ဓာတ်ပုံမှတ်တမ်းများအပြင် ပြင်ပပြကွက်များအနေဖြင့် တပ်မတော်(ကြည်း) ပြင်ပပြကွက်တွင်ခင်းကျင်းပြသထားသော ရှေးခေတ်ကြေးသွန်းအမြောက်များ၊ ဒုတိယကမ္ဘာစစ်နှင့်စစ်ပြီးကာလတို့တွင်အသုံးပြုခဲ့သော အမြောက်နှင့်သံချပ်ကာများ၊ တပ်မတော်(ရေ)ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသော စစ်ရေယာဉ်ပုံစံတူများနှင့် တပ်မတော်(လေ)ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသော ခေတ်အဆက်ဆက်အသုံးပြုခဲ့သော တပ်မတော်လေယာဉ်များကို စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုကြပြီး သိရှိလိုသည်များကိုမေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက ရှင်းလင်းဖြေကြားပြီး ယနေ့လေ့လာမှတ်သားခဲ့သည့် ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပပြုလုပ်ကာ ပြတိုက်တာဝန်ရှိသူများ၏မေးမြန်းချက်များကို မှန်ကန်စွာဖြေဆိုနိုင်သော ကျောင်းသား ကျောင်းသူများအား စာရေးကိရိယာများနှင့် အသုံးအဆောင်ပစ္စည်းများဆုအဖြစ် ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်

No comments

Powered by Blogger.