သာမန်ကြယ်တစ်စင်းထက် အဆ ဘီလီယံ ၁၀၀ လောက် ပိုမိုတောက်ပသော ကြယ်တစ်စင်းတွေ့ရှိ
နာဆာ၏ ဂျိမ်းဝက်ဘ် အာကာသမှန်ပြောင်းမှ ရိုက်ကူးပေးပို့သော ဓာတ်ပုံများကို လေ့လာနေကြသည့် နက္ခတ္တဗေဒ ပညာရှင်များသည် ပုံမှန်ကြယ်တစ်စင်းထက် မဖြစ်နိုင်လောက်အောင် အဆ ဘီလီယံ ၁၀၀ ကျော် ပိုမိုတောက်ပသည့် ကြယ်တစ်စင်းကို တွေ့ရှိခဲ့သောကြောင့် ဖြစ်တည်စ စကြဝဠာနှင့်ပတ်သက်ပြီး ဆွေးနွေးငြင်းခုန်စရာများတိုးလာ ခဲ့သည်။
အဆိုပါ မဖြစ်နိုင်လောက်သည့်ကြယ်ကို
MoM-BH*-1 ဟု အမည်ပေးထားပြီး ယင်းကို မဟာပေါက်ကွဲမှုဖြစ်ပြီး နှစ်သန်း
ပေါင်း ရာဂဏန်းအနည်းငယ်မျှသာကြာသေးသည့် အချိန်ကာလအတွင်း တွေ့မြင်ခဲ့ရခြင်းဖြစ်သည်။
အဆိုပါတွေ့ရှိမှုကို နေးချားဂျာနယ်တွင် ဖော်ပြခဲ့ကြသည်။
ထိုစာတမ်းကို ဦးဆောင်ရေးသားသည့် နက္ခတ္တဗေဒပညာရှင်
ရိုဟန်နိုင်ဒူးက “ကျွန်တော်တို့ မြင်တွေ့ခဲ့ရတဲ့ အဲဒီအရာ ဝတ္ထုက
အလျင်အမြန်ကို ဆင့်ကဲပြောင်းလဲနေတာပါ။
ဖြစ်နိုင်တာက
အလယ်မှာ နေထက် အဆတစ်သိန်းလောက် ဒြပ်ထုပိုကြီးတဲ့ တွင်းနက်ကြီးတစ်ခုရှိနေမယ်လို့ ကျွန်တော်တို့ထင်ပါတယ်။
အဲဒါကို နေမိသားစုလောက် အဝန်းအဝိုင်း ရှိတဲ့ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့တိမ်တိုက်ကြီးက ဖုံးထားတာဖြစ်နိုင်ပါတယ်။
အဲဒါက အလွန်ကိုကြီးပါတယ်”ဟု ဆိုသည်။
ယင်းမှာ တွင်းနက်ကြယ်ဆိုသည့်
အနုမာနအဆိုပြုချက်ဖြစ်သည်။ ဆိုလိုသည်မှာ အလွန်ကြီးမားသော စကြဝဠာ ခေတ်ဦးတွင်းနက်ကြီးကို
အလွန်ကြီးမားသော ဟိုက်ဒရိုဂျင်ဓာတ်ငွေ့တိမ်တိုက်ကြီးက ဖုံးထားပြီး တွင်းနက်၏ စုပ်ယူမှု
ကြောင့်ဖြစ်လာသော စွမ်းအင်ထုတ်လုပ်မှုများက ယင်းကို သာမန်ကြယ်တစ်စင်းထက် အဆပေါင်းများစွာ
ပိုမိုထွန်းလင်း တောက်ပစေသည်ဟု ယူဆခြင်းဖြစ်သည်။
ဂျိမ်းစ်ဝက်ဘ် အာကာသမှန်ပြောင်းသည်
စကြဝဠာ စတင်ဖြစ်တည်သည်ဟု ယူဆထားသည့် မဟာပေါက်ကွဲမှု ဖြစ်ပွား ခဲ့ပြီး နှစ်သန်းပေါင်း
သုံးလေးရာခန့်အကွာကို လေ့လာရန် တည်ဆောက်ထားခြင်းဖြစ်သည်။ ထိုကာလမှာ ပထမဆုံး ကြယ်များ၊
ပထမဆုံး ကြယ်စုကြီးများနှင့်အတူ မဟာပေါက်ကွဲမှုကြောင့်ဖြစ်လာသည့် ပထမဆုံးတွင်းနက်ကြီးများ
တည်ရှိရာကာလဖြစ်သည်။
ယခုအဆိုပြုချက်က ဂျိမ်းစ်ဝက်ဘ်၏
နောက်ထပ်ပဟေဠိတစ်ခုဖြစ်သော အနီစက်လေးများကိုပါ ဖြေရှင်းနိုင်မလားဟု သိပ္ပံပညာရှင်များက ရည်မှန်းထားကြသည်။ အနီစက်လေးများဆိုသည်မှာ ဂျိမ်းစ်ဝက်ဘ်က ပေးပို့သောပုံများတွင် မကြာမကြာ တွေ့မြင်ရသည့် အရာတစ်မျိုးဖြစ်သည်။
“အနီစက်လေးတွေကို စကြဝဠာတစ်ခုလုံးလိုလိုမှာ မြင်နေရတာ။ ဒီနေ့ခေတ်မှာတော့ အဲဒါတွေမရှိတော့ဘူး။
အဲဒါက ဂျိမ်းစ်ဝက်ဘ်ခေတ်မှာ အငြင်းခုန်ရဆုံး ခေါင်းစဉ်တစ်ခုဖြစ်မယ်ထင်တယ်”ဟု နိုင်ဒူးက ရှင်းပြသည်။ အနီစက်လေး များမှာ ယခုတွေ့ရှိထားသည့် တွင်းနက်ကြယ်လိုအရာများဖြစ်မည်ဟု
ခန့်မှန်းနေကြသည်။
Ref: scitechdaily

No comments