ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာ ၁၅၈၇၉ ဧက စိုက်ပျိုးမည်
ပွင့်ဖြူ ဩဂုတ် ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာ ၁၅၈၇၉ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် လာမည့် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာ ၁၅၈၇၉ ဧက စိုက်ပျိုးရန် လျာထားပြီး သတ်မှတ်စိုက်ဧက ပြည့်မီအောင်စိုက်ပျိုးနိုင်ရန် ယခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရ သည်။
"ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း နေကြာ ဧက ၁၅၀၀၀ ကျော် စိုက်ပျိုးဖို့ လျာထားပါ တယ်။ သတ်မှတ်စိုက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် တောင်သူတွေကို ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။ စိုက်ဧကတွေ တိုးချဲ့စိုက်ပျိုးနိုင်ဖို့နဲ့ အထွက်နှုန်းကောင်းတဲ့ နေကြာမျိုးတွေ စိုက်ပျိုးနိုင်ဖို့ကိုလဲ သက်ဆိုင်ရာဌာနများနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ ဖြစ်ပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်တွင် လာမည့်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသတွင်း ဆီစားသုံးမှုဖူလုံပိုလျှံစေရန်နှင့် သီးနှံဝင်ငွေ တိုးပွားစေရေးအတွက် နေကြာစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက လျာထားချက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းများ ကောင်းမွန်စေရေး၊ ပိုးမွှားရောဂါ ကင်းရှင်းစေရေး၊ GAP နည်းစနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး စသည့် စိုက်ပျိုးရေးဆိုင်ရာအသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
နေကြာကို အထွက်နှုန်း တိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းဆီစားသုံးမှုကို ဖူလုံစေရုံမျှမက ပိုလျှံမှုကိုပါ ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ဆီထွက်သီးနှံ နေကြာကို တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )

No comments