သဖန်းဆိပ်ရေလှောင်တမံမှ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ တန့်ဆည်ခရိုင်၊ စစ်ကိုင်းခရိုင်တို့ရှိ မြို့နယ်များအတွင်း စိုက်ပျိုးလျက်ရှိသည့် နွေ၊ မိုး၊ ဆောင်းသီးနှံစိုက်ခင်းများ စိုက်ပျိုးရေပေးဝေ

 


မုံရွာ ဩဂုတ် ၃

 

ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ် ရေလှောင်တမံသည် ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ တန့်ဆည်ခရိုင်၊ စစ်ကိုင်းခရိုင်တို့ရှိ မြို့နယ်များတွင် စိုက်ပျိုးလျက်ရှိသည့် နွေ၊ မိုး၊ ဆောင်း သီးနှံစိုက်ခင်းများကို စိုက်ပျိုးရေပေးဝေနေသည့် ရေလှောင်တမံဖြစ်ပြီး အဆိုပါ ရေလှောင်တမံ၌ ရေဝင်ရောက်မှု အခြေအနေ၊ ရေထိန်းတမံများ၊ ရေပိုလွှဲများ ကြံ့ခိုင်မှုအခြေအနေများနှင့် စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများကို ယမန်နေ့မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက သွားရောက်ကြည့်ရှုစစ်ဆေးပြီး တောင်သူများအတွက် စိုက်ပျိုးရေ အပြည့်အဝရရှိရေးနှင့် စနစ်တကျ အကျိုးရှိစွာသုံးစွဲသွားရေး မှာကြားသည်။

 

ထို့ပြင် ကျွန်းလှ-သဖန်းဆိပ် ကားလမ်းဘေးဝဲ/ယာရှိ ဒေသခံ တောင်သူများ စိုက်ပျိုးထားရှိသည့် မြေပဲ၊ ပြောင်း၊ ပဲစင်းငုံနှင့် မိုးစပါးများ စိုက်ပျိုးထားရှိမှု၊ ကျွန်းလှမြို့ တပ်ကုန်းကျေးရွာရှိ တောင်သူ ဦးမင်းပိုင်၏ ဧရာမင်း နှစ်ဧကအတွင်း ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ တွဲဖက်အသုံးပြုခြင်းနှင့် တမန်းနိုးခြင်း ကွင်းသရုပ်ပြသမှုတို့ကို ကြည့်ရှုအားပေးသည်။

 

ထို့နောက် ကျွန်းလှမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်အမှာစကား ပြောကြားပြီး ကျွန်းလှမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် မြို့နယ် ဆေးရုံအုပ်ကြီးတို့ထံ ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.